တအာင်းနိုင်ငံရေး အတိုင်ပင်ခံကော်မတီ
တအာင်းနိုင်ငံရေး အတိုင်ပင်ခံကော်မတီ (Ta’ang Political Consultative Committee – TPCC) ကို တအာင်း(ပလောင်) လူမျိုးတို့အနေဖြင့် လက်ရှိဖြစ်ပေါ်နေသော နိုင်ငံရေးဖြစ်တည်မှုနှင့် အညီ မိတ်ဖက်အဖွဲ့အစည်းများနှင့် လက်တွဲ၍ မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များ ဆောင်ရွက်နိုင်ရန် နှင့် တအာင်းလူမျိုးတို့၏ နိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍတွင် ကိုယ်စားပြုရန် အတွက် ၂၀၂၁ ခုနှစ်၊ မတ်လ ၂၅ ရက်နေ့တွင် ဖွဲ့စည်းခဲ့သည်။
TPCC တွင် ပါတီနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ တအာင်းလူမှုရေး အဖွဲ့အစည်းများနှင့် တအာင်းနိုင်ငံရေး ခေါင်းဆောင်များ ပါဝင်သည်။ TPCC ၏ ရည်ရွယ်ချက်မှာ အာဏာရှင်စနစ် အပြီးသတ်ချုပ်ငြိမ်းရေး၊ တအာင်းဒေသအတွင်းရှိ ပြည်သူများ အဖိနှိပ်ခံဘဝမှ လွတ်မြောက်ရေး၊ တိုင်းရေးသား တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေး၊ တအာင်းပြည်နယ်တည်ဆောက်ရေး နှင့် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု နိုင်ငံတည်ဆောက်နိုင်ရေး တို့ပင် ဖြစ်သည်။
အရပ်သားများအပေါ် ချိုးဖောက်မှုများကျူးလွန်နေသည့် စစ်ကောင်စီတပ်အပါအဝင် လက်နက်ကိုင်အဖွဲ့အစည်းများနှင့် ပတ်သက်ပြီး ကန့်ကွက်ရှုံ့ချခြင်း၊ စစ်ကောင်စီနှင့် ပူးပေါင်းသည့် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများကို ကန့်ကွက်ရှုံ့ချခြင်း၊ အရပ်သားများ၏ ကျန်းမာရေး ဆိုင်ရာများနှင့် ပတ်သက်ပြီး ထုတ်ပြန်ခြင်း၊ စသည့် သဘောထားထုတ်ပြန်ချက်များကို ထုတ်ပြန်ခဲ့သည်။
CRPH ၏ လမ်းညွှန်ချက်များနှင့်အညီ ဖွဲ့စည်းထားသော ကြားကာလ တအာင်းဒေသပြည်သူ့ အုပ်ချုပ်ရေး အဖွဲ့-Ta’ang Region administration အဖွဲ့သည် TPCC ၏ လုပ်ငန်းစဉ် ကဏ္ဍတစ်ခုဖြစ်သည်။ ထို့ပြင် TPCC မှ ဖက်ဒရယ် ဖွဲ့စည်းပုံ အခြေခံဥပဒေ (မူကြမ်း) ရေးဆွဲရေးနှင့် ညှိနှိုင်းရေး ကော်မတီ (FCDCC) ကရေးဆွဲထားတဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဒုတိယမူကြမ်းကို အခြေခံပြီး ပြည်နယ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ကို ရေးဆွဲခဲ့ကြသည်။ ထို့ကြောင့် TPCC မှ ဦးဆောင်ပြီး ပြည်နယ် ဖွဲ့စည်းပုံ အခြေခံဥပဒေ (တတိယမူကြမ်း) ဆိုင်ရာ အကြံပြုချက်၊ ပြင်ဆင် ဖြည့်စွက်ချက်များ ရယူနိုင်ရန် ဖက်ဒရယ် ပဋိညာဉ် ပါအချက်အလက်များနှင့် ပြည်နယ်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ အလုပ်ရုံဆွေးနွေးမှုများကို နမ့်ခမ်းမြို့နယ်၊ မူဆယ်မြို့နယ်၊ မန်တုံမြို့နယ်၊ နမ့်ဆန်မြို့နယ်၊ နမ္မတူမြို့နယ်၊ ကျောက်မဲမြို့နယ်၊ နမ့်ဖတ်ကာ၊ ကွတ်ခိုင်မြို့နယ် နှင့် မန်တုံမြို့နယ်တို့တွင် ပြုလုပ်ခဲ့သည်။
၂၀၂၃ ခုနှစ်၊ မတ်လ ၁၁-၁၂ ရက်တို့တွင် Federal and Constitutional Seminar – Ta’ang State (နှီးနှောဖလှယ်ပွဲ) ကို ပြုလုပ်ခဲ့ပြီး အဆိုပါပွဲတွင် တအာင်းပြည်နယ် ဖွဲ့စည်းပုံ အခြေခံဥပဒေ တတိယ မူကြမ်း ကို အတည်ပြုလိုက်သည်။ (မှတ်ချက်။ ။ ပထမမူကြမ်းကို ၂၀၁၅ ခုနှစ် က ကျင်းပခဲ့သည့် တအာင်းတပ်မတော် (PSLF/TNLA) ၏ ဗဟိုကော်မတီ ၆ လပတ် အစည်းအဝေးမှာ အတည်ပြုခဲ့ပြီး ဒုတိယ မူကြမ်းကို ၂၀၂၁ ခုနှစ်၊ မေလတွင် TPCC က အတည်ပြုခဲ့သည်။) တအာင်းပြည်နယ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွင် အခန်း (၁၂) ခန်းပါဝင်သည်။ အမျိုးသားအလံ၊ အမျိုးသားသီချင်းနှင့် အမှတ်တံဆိပ် အပါအဝင် တစ်မျိုးသားလုံးနှင့် သက်ဆိုင်တဲ့ ကိစ္စအချို့ကို တအာင်း အမျိုးသား ညီလာခံ ကျင်းပမှသာ အတည်ပြုသွားမည် ဖြစ်ပါသည်။
စစ်အုပ်စုမှ ပြုလုပ်မည့် ရွေးကောက်ပွဲနှင့် နိုင်ငံရေး ပါတီမှတ်ပုံတင်ခြင်း ကိုလည်း ပြတ်ပြတ်သားသား ကန့်ကွက်ထားသည်။ အမျိုးသား ညီညွတ်ရေး အစိုးရတွင် ဖက်ဒရယ်ပြည်ထောင်စုရေးရာ ဝန်ကြီးဌာန၌ တအာင်းနိုင်ငံရေး အတိုင်ပင်ခံက ဒုတိယဝန်ကြီး အနေဖြင့် ပါဝင်နေပါသည်။
TPCC သည် အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (National Unity Consultative Council) တွင် အဖွဲ့ဝင်အဖွဲ့အစည်းအဖြစ် ပါဝင်သည်။
References
1. https://www.facebook.com/profile.php?id=100072494673782
2. https://www.facebook.com/112100051117434/posts/185106657150106/
3. https://www.facebook.com/100063618142379/posts/515396953924238/
4. https://www.facebook.com/100068918215879/posts/531056622534940/
5. https://crphmyanmar.org/structure/
6. https://mofua.nugmyanmar.org/