ဖက်ဒရယ်ယူနစ်ကြားကာလ ဖွဲ့စည်းပုံ/အစီအမံ ကြိုတင်ပြင်ဆင်မှုဥပဒေများနှင့် တုံ့ပြန်မှုများ

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၇ ရက်နေ့ စစ်ကိုင်းမကွေးနဲ့ တနင်္သာရီ လွှတ်တော်ကိုယ်စားလှယ်တွေဟာ လွှတ်တော်အစည်းအဝေးအသီးသီးခေါ်ယူပြီး ကြားကာလဖွဲ့စည်းပုံ အခြေခံဥပဒေ/အစီအမံရေးဆွဲရေး ကြိုတင်ပြင်ဆင်မှုဆိုင်ရာဥပဒေတွေကို အတည်ပြုပြဌာန်းခဲ့ကြပါတယ်။

လွှတ်တော်အစည်းအဝေးတွေကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ဥက္ကဌ/ပြည်ထောင်စုလွှတ်တော်နာယက၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ယာယီသမ္မတနဲ့ ဝန်ကြီးချုပ် တို့က သဝဏ်လွှာတွေပေးပို့ခဲ့ကြပါတယ်။ ဥပဒေတွေအတည်ပြုနိုင်ခဲ့မှုနဲ့ ပတ်သက်ပြီး ပဲခူးမန္တလေးဧရာဝတီကရင်ကချင်က ပြည်နယ်အဆင့် လွှတ်တော်ကိုယ်စားလှယ်တွေကလည်း ဂုဏ်ပြုကြောင်း သဝဏ်လွှာတွေပေးပို့ခဲ့ကြပါတယ်။

စစ်ကိုင်းနဲ့ တနင်္သာရီလွှတ်တော်အစည်းအဝေးတွေကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဗဟိုအလုပ်ကော်မတီ (CWC) က ကိုယ်စားလှယ်တွေလည်း လေ့လာသူတွေအနေနဲ့ တက်ရောက်ခဲ့ကြပါတယ်။ အဆိုပါ လွှတ်တော်အစည်းအဝေးတွေ အပြီးမှာ NLD အနေနဲ့ ဥပဒေကြမ်းတွေ ပြဌာန်းနိုင်ခဲ့မှုကို ကြိုဆိုဂုဏ်ပြုကြောင်း သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဥပဒေတွေမှာ ဘာတွေပါဝင်လဲ

ဥပဒေကြမ်းသုံးခုဟာ ကွာခြားချက်အနည်းငယ်စီရှိကြပေမယ့် တူညီနေတဲ့အချက်တွေကတော့ ကြားကာလ ဖွဲ့စည်းပုံ သို့မဟုတ် အစီအမံရေးဆွဲရေးအတွက် ညှိနှိုင်းရေးအဖွဲ့၊ ထိုမှတဆင့် ကော်မရှင် ဖွဲ့စည်းရေးအတွက် ချဉ်းကပ်ပုံတူညီတာကို တွေ့ရပါတယ်။ စစ်ကိုင်းဥပဒေ ကတော့ ကြားကာလ ဖွဲ့စည်းပုံ အခြေခံဥပဒေလို့သုံးစွဲပြီး၊ မကွေးဥပဒေနဲ့ တနင်္သာရီဥပဒေတွေမှာတော့ ကြားကာလအစီအမံလို့ သုံးစွဲပါတယ်။ ဥပဒေသုံးရပ်လုံးမှာ မူလ "တိုင်းဒေသကြီး" တွေကို "ဖက်ဒရယ်ယူနစ်" အဖြစ် အဓိပ္ပာယ်ဖွင့်ဆိုဖော်ပြလာတာကို တွေ့ရပါတယ်။

ဥပဒေကြမ်းသုံးရပ်အား နှိုင်းယှဉ်ကြည့်ခြင်း

တုံ့ပြန်မှုများ

ဒီဥပဒေတွေကို အတည်ပြုပြီး ရက်ပိုင်းအတွင်းမှာပဲ သက်ဆိုင်ရာ ဒေသအလိုက် နိုင်ငံရေးအင်အားစု တွေရဲ့ တုံ့ပြန်မှုတွေ ထွက်ပေါ်လာခဲ့ပါတယ်။

တနင်္ဿာရီ

ထားဝယ်ခရိုင်နိုင်ငံရေးဦးဆောင်အဖွဲ့ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ (ထားဝယ်ခရိုင်)ကော့သောင်းခရိုင်နိုင်ငံရေးအင်အားစုTanawthari Karen United for Liberation and Equalityမြိတ်ခရိုင်နိုင်ငံရေးအင်အားစု အပါအဝင် နိုင်ငံရေးအင်အားစုတွေက ဥပဒေပြဌာန်းမှုကို ကန့်ကွက်ကြောင်း ထုတ်ပြန်ခဲ့ပါကြပါတယ်။

စစ်ကိုင်း

စစ်ကိုင်းဖိုရမ်ဖြစ်မြောက်ရေးအဖွဲ့ အပါအဝင် တော်လှန်ရေးအဖွဲ့အစည်း ၁၀၇ ဖွဲ့ နဲ့ စစ်ကိုင်းတိုင်းဒေသ သပိတ်အင်အားစုတွေကလည်း ဒီလိုဥပဒေပြုမှုကို ဝေဖန်ကန့်ကွက်ကြောင်း ထုတ်ပြန်ခဲ့ကြပါတယ်။

မကွေး

မကွေးဒေသမှာရှိတဲ့ သပိတ်ကော်မတီတွေနဲ့ CDM လှုပ်ရှားမှုမှာ ပါဝင်ကြသူတွေနဲ့ စုစည်းထားတဲ့ မကွေးဒေသ တော်လှန်ရေးအင်အားစုများ ကွန်ရက်ကလည်း သဘောထားထုတ်ပြန်ပြီး ဝေဖန်ကန့်ကွက်ခဲ့ကြပါတယ်။

ဒီဝေဖန်မှုနဲ့ ကန့်ကွက်မှုတွေအားလုံးနီးပါးမှာ ကျယ်ပြန့်စွာ ဆွေးနွှေးညှိနှိုင်းတိုင်ပင်မှု မပြုလုပ်ပဲ ဥပဒေပြဌာန်းတာ၊ ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်နှင့်အညီ မဆောင်ရွက်ခဲ့တာတွေကို အဓိက ထောက်ပြဝေဖန်ထားပါတယ်။

မြင်ကွင်းကျယ်

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၇ ရက်နေ့ တရက်တည်းမှာပဲ ကရင်နီပြည်နယ် ကြားကာလလွှတ်တော်ဖွဲ့စည်းခြင်း ဖြစ်ပါတယ်။ ဒီလိုဖွဲ့စည်းမှုကို နိုင်ငံရေးမဏ္ဍိုင်ကြီး (၃) ရပ်ပါဝင်တဲ့ ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီ (KSCC) မှာ ဆွေးနွေးခဲ့ပြီး မူအရ သဘောတူညီချက်နဲ့ ဖွဲ့စည်းခဲ့ကြတာဖြစ်ပြီး ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် (၁၅) ဦးနဲ့ ဖွဲ့စည်းခဲ့ပါတယ်။ ဒီလိုဖွဲ့စည်းမှုနဲ့ပတ်သက်ပြီး တော်လှန်ရေးမှာပါဝင်နေကြတဲ့ နိုင်ငံရေးအင်အားစုတွေရဲ့ ဂုဏ်ပြုကြိုဆိုမှုကိုရရှိခဲ့ကြပါတယ်။

၂၀၂၁ ခုနှစ် အာဏာသိမ်းမှုအပြီး လူထုလှုပ်ရှားမှုကနေ စတင်ခဲ့တဲ့ နွေဦးတော်လှန်ရေးမှာ “ဖက်ဒရယ် ဒီမိုကရေစီ” ကို အလေးပေးတောင်းဆိုခဲ့ကြပါတယ်။ ဒီဖက်ဒရယ်လှုပ်ရှားမှုမှာ ဗမာအများစုဒေသတွေကို တိုင်းဒေသကြီး ခုနစ်ခုအဖြစ် ဖွဲ့စည်းထားမှုအပေါ် ပြောင်းလဲဖို့ လှုံ့ဆော်ခဲ့ကြပေမယ့် ဘယ်လိုပြောင်းလဲမယ်ဆိုတာကိုတော့ တရားဝင်ထုတ်ပြန်မှုတွေတော့ မရှိသေးပါဘူး။ ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ် အစိတ်အပိုင်း (၂) ပုဒ်မ (၄၈) ရဲ့ အောက်ခြေမှတ်စုမှာတော့ “ယခုလက်ရှိဖြစ်တည်နေသော နိုင်ငံရေး၊ အုပ်ချုပ်ရေးအခြေအနေအရ ပြည်နယ်နှင့် တိုင်းဒေသကြီး အပိုင်းအခြားများကို  ကြားကာလအတွင်းတွင် ပြည်နယ်/ဖက်ဒရယ်ယူနစ်ဟု ခေါ်ဆိုသည်” လို့ ဖော်ပြထားပါတယ်။ ဒီလိုဖော်ပြမှုကို အခြေခံပြီး ၂၀၀၈ ဖွဲ့စည်းပုံအရ ဖွဲ့စည်းထားတဲ့ တိုင်းဒေသကြီးတွေကို လက်ရှိကာလမှာ “ဖက်ဒရယ်ယူနစ်” ယူနစ်အဖြစ် စုစည်းသင့်တယ်လို့ ယူဆကြတာလည်း ရှိနိုင်ပါတယ်။ သို့သော် ကွဲပြားသော အမြင်များလည်း ရှိနေပါတယ်။

ပြည်နယ်တွေနဲ့ ပြည်နယ်သစ်ဖွဲ့စည်းဖို့ မျှော်မှန်းချက်ရှိကြတဲ့ လူမျိုးအခြေပြု ဒေသတွေမှာတော့ ဖက်ဒရယ်ကောင်စီ၊ လူမျိုးအခြေပြုကောင်စီ၊ ကော်မတီ စသည်ဖြင့် စုစည်းကြတာရှိပြီး လွှတ်တော်ကိုယ်စားလှယ်တွေအပြင် အခြားသောတော်လှန်ရေးအင်အားစုအသီးသီး ပါဝင်ကြတာကို တွေ့ရပါတယ်။

ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ် အစိတ်အပိုင်း (၂)၊ ပုဒ်မ (၅၂) မှာတော့ ပြည်နယ်/ဖက်ဒရယ်ယူနစ်တွေရဲ့ ယန္တရားတွေကို “ဤပဋိညာဉ်ပါ ဖက်ဒရယ်တည်ဆောက်မှု အခြေခံဖြင့်” ဆောင်ရွက်ရမယ်လို့ ဖော်ပြပါတယ်။

နောက်တခုကတော့ “ကြားကာလ” ဆိုတဲ့ သတ်မှတ်ချက် ဖြစ်ပါတယ်။ ဥပဒေကြမ်းသုံးခုမှာ ကြားကာလကို အဓိပ္ပာယ်ဖွင့်ဆိုမထားပေမယ့် ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်မှာတော့ ကြားကာလဆိုတာဟာ စစ်အာဏာသိမ်းယူမှုကို ဖယ်ရှားပြီး အသွင်ကူးပြောင်းရေးကာလအစိုးရမဖွဲ့စည်းနိုင်ခင်ကာလကို ရည်ညွှန်းထားကြောင်း တွေ့နိုင်ပါတယ်။

ဒီလိုအငြင်းပွားမှုတွေဖြစ်ပွားနေတဲ့ကာလအတွင်းဖြစ်တဲ့ နိုဝင်ဘာ ၂၁ ရက်နေ့ အစိုးရအဖွဲ့အစည်းအဝေးမှာ ယာယီသမ္မတ ဒူဝါလရှီးလက “နိုင်ငံရေးအရ အင်အားစုဖွဲ့တည်ဆောက်ကြတဲ့အခါမှာ တတ်နိုင်သရွေ့ မိမိတို့ နိုင်ငံရေးအမြင်ကို ကျယ်သထက် ကျယ်အောင် ချဲ့ပြီး တည်ဆောက်ကြဖို့ တိုက်တွန်းလိုပါတယ်” လို့ သူ့ရဲ့ မိန့်ခွန်းထဲ ထည့်သွင်းပြောကြားခဲ့ပါတယ်။

No items found.

ဆက်စပ် ဖြစ်စဉ်များ

No items found.