မန္တလေးတိုင်း၊ မိုးကုတ်မြို့အား တအောင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် ပြည်သူ့ကာကွယ်ရေး တပ်မတော်- မန္တလေး(MDY- PDF) ပူးပေါင်းတပ်ဖွဲ့များကဇူလိုင် ၂၄ ရက်တွင် အပြီးသတ်သိမ်းယူနိုင်ပြီဖြစ်ကြောင်း ဇူလိုင် ၂၅ ရက်တွင် MDYPDF က ထုတ်ပြန်လိုက်သည်။
TNLA နှင့်အတူ ၁၀:၂၇စစ်ဆင်ရေး ဒုတိယလှိုင်း၌ MDY-PDF ပါဝင်ဆင်နွှဲနေသည့် ထိုးစစ်ပွဲများအတွင်း ရှမ်းပြည်နယ် နောင်ချို၊ မန္တလေးတိုင်း စဉ့်ကူးနှင့် မိုးကုတ်မြို့သုံးမြို့အား သိမ်းယူထားနိုင်ပြီ ဖြစ်သည်။
ဇူလိုင်၂၅ ရက်ကလည်း မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) က ရှမ်းပြည်နယ်၊ လားရှိုး အခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) အား သိမ်းပိုက်ထားနိုင်ပြီဖြစ်ကြောင်း MNDAA ကို ကိုးကား၍ သတင်းဌာနများက ထုတ်ဖော်ရေးသားထားသည်။ လားရှိုးမြို့အား ၂၃ ရက်ကြာ ထိုးစစ်ဆင်မှုများ ပြုလုပ်ပြီးနောက် ယင်းနေ့ နံနက်အစောပိုင်း ၄ နာရီတွင် သိမ်းပိုက်နိုင်ခြင်း ဖြစ်သည်။