မြန်မာအလုပ်သမားကိုယ်စားလှယ်အား ILO အုပ်ချုပ်မှုအဖွဲ့၌ ထပ်မံရွေးချယ်

မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂ အဖွဲ့ချုပ် (CTUM) ဗဟိုအလုပ်အမှုဆောင်နှင့် မြန်မာအလုပ်သမား တပ်ပေါင်းစု (MLA) ကိုယ်စားလှယ် ဒေါ်ဖြိုးစန္ဒာစိုးအား အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ (ILO) ၏ အုပ်ချုပ်မှုအဖွဲ့ အဖွဲ့ဝင်အဖြစ် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာညီလာခံ (ILC) ၌ ထပ်မံ ရွေးချယ်လိုက်သည်။

ညီလာခံအားဇွန် ၃ ရက်မှ ၁၄ ရက်အထိ ကျင်းပခဲ့ခြင်း ဖြစ်ကာ နိုင်ငံတကာ အလုပ်သမားကိုယ်စားလှယ် ၁၂၆ ဦး အနက် ၉၃ ဦး၏ ထောက်ခံမဲဖြင့် ဒုတိယအကြိမ် ထပ်မံရွေးချယ်ခံရခြင်းဖြစ်သည်။ ဒေါ်ဖြိုးစန္ဒာစိုးသည် အုပ်ချုပ်မှုအဖွဲ့ အဖွဲ့ဝင်အဖြစ် ၂၀၂၁ ခုနှစ်မှ ၂၀၂၄ ခုနှစ်အထိ ပထမအကြိမ် ရွေးချယ်ခံခဲ့ရဖူးကာ ဒုတိယအကြိမ် ရွေးချယ်ခံရမှုအတွက် ၂၀၂၄ ခုနှစ်မှ ၂၀၂၇ ခုနှစ်အထိ တာဝန်ထမ်းဆောင်ရမည် ဖြစ်သည်။

ဒေါ်ဖြိုးစန္ဒာစိုးသည် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လက်အောက်မှ မြန်မာနိုင်ငံ အလုပ်သမားအဖွဲ့အစည်း ကိုယ်စားပြုအဖြစ် အမည်စာရင်းတင်သွင်းကာ ညီလာခံ တက်ရောက်၍ ရွေးချယ်ခံရခြင်း ဖြစ်ကာဇွန် ၁၀ ရက်က ILO ဌာနချုပ်တွင် ပြုလုပ်သည့် မြန်မာ့အရေးဆိုင်ရာ လှုပ်ရှားမှု၌ ILO ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ (၃၃) ကို အခြေခံ၍ အကြမ်းဖက်စစ်အုပ်စုအား အရေးယူပေးရန်လည်း တောင်းဆိုထားသည်။

ပုဒ်မ (၃၃) တွင် အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံက နိုင်ငံတကာ အလုပ်သမားစံနှုန်းများကို ချိုးဖောက်ခဲ့ပါက ယင်းနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုပြုလုပ်နိုင်ကြောင်း ပြဌာန်းထားသည်။

ဇွန် ၁၃ ရက်ကလည်း CTUM ဗဟိုအလုပ်အမှုဆောင်နှင့် IWFM ဥက္ကဌဖြစ်သူ ဒေါ်ခိုင်ဇာအောင်မှာ နော်ဝေနိုင်ငံ၊ အော်စလိုမြို့၌ ArthurSvensoon Prize ဆုတံဆိပ် ချီးမြှင့်ခြင်း ခံခဲ့ရသည်။ ဆုပေးပွဲအခမ်းအနား၌ သူမက စစ်တပ်အာဏာသိမ်းပြီးနောက် မြန်မာ့အရေး၊ အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရမှု၊ စစ်အုပ်စုဒေါက်တိုင် စီးပွားရေးလုပ်ငန်းများအား ပိတ်ဆို့အရေးယူရေး စသည့် အကြောင်းအရာများအား ထည့်သွင်း ပြောကြားခဲ့သည်။ ထို့ပြင် ဥရောပသမဂ္ဂအနေဖြင့် အလုပ်သမားနှင့် အခြေခံလူ့အခွင့်အရေးများအား မလေးစားသည့် အကြမ်းဖက်စစ်အုပ်စု ကုန်သွယ်ရေးဆိုင်ရာ EBA အထောက်အပံ့များအားရပ်ဆိုင်းပစ်ရန် လိုအပ်ကြောင်း တိုက်တွန်းပြောဆိုထားသည်။

No items found.

ဆက်စပ် ဖြစ်စဉ်များ

No items found.