၁၀:၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းအဖြစ် မဟာမိတ်ညီနောင်သုံးဖွဲ့နှင့် အကြမ်းဖက်စစ်အုပ်စုအကြား ရှမ်းမြောက်ဒေသ၌ တိုက်ပွဲများ ပြန်လည်ဖြစ်ပွားနေပြီ ဖြစ်ရာ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နှင့်အတူ မဟာမိတ်ညီနောင်များနှင့်လက်တွဲ၍ စစ်ဆင်ရေးဖော်ဆောင်မှုများ၌ ပါဝင်သွားမည် ဖြစ်ကြောင်းရှမ်းပြည်နယ်မြောက်ပိုင်း မဟာမိတ်တပ်ရင်း (NorthernShan State Alliance Army – NSSAA) က ဇွန် ၂၅ ရက်တွင် ထုတ်ပြန်လိုက်သည်။
Operation 10:27 မှာ မြောက်ပိုင်းညီနောင်သုံးဖွဲ့ဖြစ်သည့် အာရက္ခတပ်တော် (AA)၊ ကိုးကန့် (MNDAA) နှင့် TNLA တို့က ၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၇ ရက်တွင် စတင်ဖော်ဆောင်ခဲ့ခြင်း ဖြစ်သည်။ မြို့အများအပြားအား သိမ်းပိုက်နိုင်ပြီးနောက် တရုတ်၏ ကြားဝင်စေ့စပ်ပေးမှုဖြင့် ညီနောင်သုံးဖွဲ့နှင့် အကြမ်းဖက်စစ်အုပ်စုအကြား ဟိုင်ဂင်သဘောတူညီချက်စာချုပ် ချုပ်ဆိုကာ တိုက်ပွဲများရပ်နားသွားပြီးနောက် ငါးလကျော်အကြာတွင် ပြန်လည်ဖြစ်ပွားလာခြင်းဖြစ်သည်။