လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ
လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီ (Democratic Party for a New Society) သည် ၁၉၈၈ ခုနှစ်၊ အောက်တိုဘာလ ၁၄ ရက်နေ့တွင် ဖွဲ့စည်းတည်ထောင်ခဲ့သည်။
(၁၃၅၀-ပြည့်နှစ်) ဒီမိုကရေစီအရေးတော်ပုံကြီးက သန္ဓေတည် မွေးဖွား ပေးခဲ့သော နိုင်ငံရေး ပါတီတစ်ရပ် ဖြစ်သည်။ ၁၉၈၈ လူထု အုံကြွမှုအပြီး ပေါ်ပေါက် ဖွဲ့စည်းခဲ့တဲ့ DPNS လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီဟာ ၁၉၉၁ ခုနှစ်မှာ မတရားသင်း အဖြစ် ကြေညာခံခဲ့ရ ပြီးတဲ့နောက် ပြည်ပမှာ နှစ်ပေါင်းများစွာ အခြေစိုက် လှုပ်ရှား ခဲ့ရပါသည်။
DPNS ၏ ဖွဲ့စည်းရခြင်း၏ ရည်ရွယ်ချက်မှာ ၁။ ဒီမိုကရေစီရေး၂။ လူ့အခွင့်အရေး၃။ တရားမျှတရေး၄။ ငြိမ်းချမ်းရေး၅။ တန်းတူရေး တို့ပင်ဖြစ်သည်။ DPNS ၏ အခြေခံနိုင်ငံရေး အယူအဆနှင့် တန်ဖိုးထားမှုများမှာ လွတ်လပ်မှု၊ တန်းတူမှု၊ သွေးစည်းညီညွတ်မှုနှင့် ဒီမိုကရေစီတို့ပင် ဖြစ်သည်။
DPNS ၏ အထွေထွေ နိုင်ငံရေး ဦးတည်ချက်မှာ (က) စစ်အာဏာရှင်စနစ် အကုန်အစင် ဖျက်သိမ်းရေး (ခ) ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကို အပြည့်အဝအာမခံနိုင်ရေး(ဂ) ငြိမ်းချမ်းရေး (ဃ) အမျိုးသားများ၏ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အာမခံနိုင်သော ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုကြီး တည်ဆောက်ရေး (င) အစဉ်ဖွံ့ဖြိုးတိုးတက်သော လူ့အဖွဲ့အစည်းတည်ဆောက်ရေး တို့ပင်ဖြစ်သည်။
DPNS ပါတီ၏ ဦးဆောင်မှု အဆင့်ဆင့်မှာ (၁) နိုင်ငံလုံးဆိုင်ရာပါတီညီလာခံ(၂) ဗဟိုစည်းရုံးရေးကော်မတီ(၃) ဗဟိုဦးဆောင်ကော်မတီ(၄) တိုင်းဒေသကြီး/ပြည်နယ်စည်းရုံးရေးကော်မတီ(၅) ခရိုင်စည်းရုံးရေးကော်မတီ(၆) မြို့နယ်စည်းရုံးရေးကော်မတီ တို့ပင် ဖြစ်သည်။ လက်ရှိ ဗဟိုကော်မတီ၏ ဥက္ကဌမှာ ဦးအောင်မိုးဇော်ဖြစ်ပြီး၊ ဒုတိယ ဥက္ကဌမှာ ဒေါ်နိုးနိုးထက်စံ ဖြစ်သည်။ ဗဟိုကော်မတီကို ဥက္ကဌ၊ ဒု-ဥက္ကဌ၊ အထွေထွေ အတွင်းရေးမှူး၊ တွဲဖက်အထွေထွေ အတွင်းရေးမှူး (၁) နှင့် (၂)၊ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် (၆) ဦး၊ နှင့် ဗဟိုကော်မတီဝင် (၁၄) ဦးတို့ ဖြင့် ဖွဲ့စည်းထားသည်။
DPNS သည် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၂ ရက်မှ ၆ ရက် အထိ ကျင်းပခဲ့သော ဗဟိုစည်းရုံးရေးကော်မတီအစည်းအဝေး ၁/၂၀၂၁ တွင် အတည်ပြုထားသည့် တိုင်းရင်းသားနိုင်ငံရေးအင်အားစုများနှင့် ပတ်သက်သောသဘောထား၊ အမျိုးသားရေးပြဿနာနှင့် အမျိုးသားသွေးစည်းညီညွတ်မှု တည်ဆောက်ရေးအပေါ် သဘောထား၊ တပ်ပေါင်းစုနှင့် ပတ်သက် သော သဘောထား၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ဒေါ်အောင်ဆန်းစုကြည် အပေါ်သဘောထား၊ CRPH ၊ NUG တို့အပေါ် သဘောထား၊ NUCC အပေါ် သဘောထား၊ PRCF အပေါ် သဘောထား၊ PDF များအပါအဝင် မြို့ပြပြောက်ကျားတပ်ဖွဲ့များ အပေါ် သဘောထား၊ CDM များအပေါ် သဘောထား၊ အာဏာသိမ်း စစ်အုပ်စုနှင့် မြန်မာ့တပ်မတော်အပေါ် သဘောထား၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂ဝဝ၈ ခုနှစ်) အပေါ်သဘောထား၊ ငြိမ်းချမ်းရေးဖြစ်စဉ်နှင့် ၂၁ ပင်လုံအပေါ်သဘောထား၊ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေး အပေါ် သဘောထား၊ လယ်ယာမြေ သိမ်းဆည်းမှုများနှင့်ပတ်သက်သော သဘောထား၊ လယ်ယာ မြေ ပိုင်ဆိုင်မှုအပေါ် သဘောထား၊ အလုပ်သမားလှုပ်ရှားမှုများနှင့် ပတ်သက်သော သဘောထား၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအပေါ် သဘောထား၊ အကြမ်းဖက်ဝါဒနှင့် ပတ်သက် သော သဘောထား၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအပေါ် သဘောထား၊ နိုင်ငံတကာ အကူအညီများနှင့်ပတ်သက်သော သဘောထား၊ အမျိုးသမီးအခွင့်အရေးဆိုင်ရာ လှုပ်ရှားမှုများအပေါ် သဘောထား၊ HIV, AIDS, COVID-19 တို့နှင့် ပတ်သက်သော သဘောထား၊ နှင့် အစိုးရစီမံကိန်းများ အပေါ်သဘောထား များကို ထုတ်ပြန်ပေးခဲ့သည်။
လူမျိုးစုံ မြန်မာပြည်သူတို့ ဆင်နွှဲလျက်ရှိသော စစ် အာဏာရှင်စနစ်ဖျက်သိမ်းရေး နွေဦးတော်လှန်ရေးကြီးအတွင်း မိမိတို့ ကျရာအခန်းကဏ္ဍ၌ တိုက်ပွဲတာဝန်များ ထမ်း ရွက် ပါဝင်လျက်ရှိသည်။ သပိတ်များတွင် ပူးပေါင်းပါဝင်လျက်ရှိသည်။ ထို့ပြင် တော်လှန်ရေးနှင့် ပတ်သက်သော အကြောင်းအရာများ၊ မြေပြင်သပိတ်ပါဝင်မှုများနှင့် ဆောင်းပါးများ ပါဝင်သည့် လူ့ဘောင်သစ် စာစဉ်ကို ထုတ်ဝေပေးလျက် ရှိသည်။
DPNS သည် အမျိုးသား ညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) တွင် အဖွဲ့ဝင် အဖွဲ့အစည်းအဖြစ်လည်း ပါဝင်ပါသည်။
References
1. https://www.dpnsburmese.org/
2. https://www.bbc.com/burmese/burma/2013/01/130115_dpns_party