သုတေသန · ဖြစ်စဉ်များ

NUG-K2C ပူးတွဲသတင်းစာရှင်းလင်းပွဲ အဓိကအချက်များ

CNFKNPPKNUNUG

ကျင်းပသည့်ရက်စွဲ - နိုဝင်ဘာ ၅ ရက်၊၂၀၂၄ ခုနှစ်

သတင်းစာရှင်းလင်းပွဲပြုလုပ်ရသည့်ရည်ရွယ်ချက်-စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနှင့်ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးအတွက်အတူတကွ လက်တွဲတော်လှန်တိုက်ပွဲဝင်နေကြသောအဖွဲ့များ၏ဘုံသဘာထားရပ်တည်ချက်အား၂၀၂၄ ခုနှစ်ဇန်နဝါရီလ ၃၁ရက်တွင် ထုတ်ပြန်ကြေညာပြီးနောက်ပိုင်းနိုင်ငံရေးအရပူးပေါင်းဆောင်ရွက်မှုများ၊ဖြစ်ပေါ်တိုးတက်မှုများနှင့်ပတ် သက်၍ ပြည်သူထံရှင်းလင်းတင်ပြရန်။

သတင်းစာရှင်းလင်းပွဲဦးဆောင်သူများ

   • ဒေါ်ဇင်မာအောင်၊နိုင်ငံခြားရေးဝန်ကြီးဌာန၊အမျိုးသားညီညွတ်ရေးအစိုးရ(NUG)

   • ပဒိုတာဒိုမှူး၊ အထွေထွေအတွင်းရေးမှူး၊ကရင်အမျိုးသားအစည်းအရုံး(KNU)

   • ဦးအောင်ဆန်းမြင့်၊အတွင်းရေးမှူး- ၁၊ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)

   • ဆလိုင်းထက်နီ၊လက်ထောက်အထွေထွေအတွင်းရေးမှူး၊ချင်းအမျိုးသားတပ်ဦး(CNF)

ဆွေးနွေးတင်ပြမှုကောက်နုတ်ချက်

၁။ NUG - K2C ပူးပေါင်းဆောင်ရွက်မှုများ

NUG - လက်တွေ့အခြေအနေကို ထင်ဟပ်တဲ့ ဆွေးနွေးမှုတွေက မဟာမိတ်တွေ ကြားထဲမှာ ဆောင်ရွက်ဖို့ လိုခဲ့တဲ့အတွက် ဘုံနိုင်ငံရေးသဘောတူညီချက်ကို ပြီးခဲ့တဲ့ ဇန်နဝါရီလ ၃၁ ရက်နေ့မှာ ရရှိခဲ့တယ်။နိုင်ငံတကာ Advocacy၊ Humanitarian Aid ၊ အခြားသော Public Services တွေမှာလည်း ပူးပေါင်းဆောင်ရွက်ခဲ့တယ်။ ပူးတွဲသတင်းစာရှင်းလင်းပွဲကနေ စစ်အာဏာရှင်စနစ် အဆက်ဆက်အောက်မှာ ပျောက်ဆုံးခဲ့ရတဲ့ တိုင်းပြည်ရဲ့ စုစည်းညီညွတ်မှုနှင့် ဂုဏ်သိက္ခာကို ဘယ်လိုအခြေခံကနေ ပြန်တည်ဆောက်ကြမလဲဆိုတဲ့အချက်ကို မဟာမိတ်များနှင့်အတူ ရှာဖွေနေကြတယ်ဆိုတဲ့ သတင်းစကားကို ပေးချင်ပါတယ်။

CNF - မင်းအောင်လှိုင်က နိုင်ငံရေးကို နိုင်ငံရေးပြဿနာနဲ့ ဖြေရှင်းဖို့ ၂၀၀၈ ဖွဲ့စည်းပုံအောက်က ကမ်းလှမ်းလာတာရှိတယ်။ ယနေ့နိုင်ငံရေး ပြဿနာက ၂၀၀၈ ဖွဲ့စည်းပုံက အခြေခံဖြစ်လို့ ဒီကမ်းလှမ်းချက်ကအဓိပ္ပါယ် မရှိဘူး။ NCA မှာ လက်မှတ်ရေးထိုးပြီးဖြစ်ကာ အဲဒီအတွေ့အကြုံအရ ၂၀၂၁ အာဏာသိမ်းတော့ စစ်အာဏာရှင် အမြစ်ပြတ်ချေမှုန်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးအတွက် NUG အပါအဝင် ညီနောင် EROs၊ ဒေသန္တရတပ်ဖွဲ့ဝင်နဲ့အတူ တိုက်ပွဲဝင်နေတာဖြစ်တယ်။

၂။ Bottom-UpFederalism အကောင်အထည်ဖော်မှုနှင့် စုဖွဲ့မှု

KNPP - ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်ကြမယ်လို့ ယေဘုယျ သဘောတူထားပေမယ့် ဖက်ဒရယ်စနစ်ပုံစံ၊ တိုင်းပြည်တည်ဆောက်မယ့်ပုံစံ၊ ပြည်ထောင်စုနှင့် ပြည်နယ်ကြားက လုပ်ပိုင်ခွင့်အာဏာ ခွဲဝေကျင့်သုံးမယ့်ပုံစံကို အဓိပ္ပါယ်ဖွင့်ဆိုချက်တွေနဲ့ ရှင်းလင်းဖို့ လိုတယ်။ တိုင်းပြည်ကို ဗဟိုမှ ပြည်နယ်များသို့ လုပ်ပိုင်ခွင့်အာဏာခွဲဝေခြင်း ဖက်ဒရယ်စနစ် (သို့) ဗဟိုအခြေပြု ဖက်ဒရယ်စနစ် (Federalizing) နဲ့ပြည်ထောင်စုအသစ်ကို တည်ဆောက်လို့ မရပါဘူး၊ ဒါက ဗဟို ချုပ်ကိုင်မှုစနစ်ဖြစ်ပြီး အာဏာရှင်စနစ်ကို ပြန်ပေါ်ပေါက်စေနိုင်သည်။ Federating/Coming Together စနစ်ဖြစ်တဲ့ Bottom-up Federalism Approach နဲ့မှပဲ နှစ်ပေါင်း ၇၆ နှစ်ကျော် တိုင်းရင်းသားတွေ တောင်းဆိုတဲ့ အမျိုးသားတန်းတူရေး၊ တရားမျှတရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်အခွင့်အရေးတွေ အပြည့်အဝ ရရှိမှာဖြစ်တယ်။

ဩဂုတ်လ ၂၆ ရက်ကနေ ၂၈ ရက်နေအထိ လုပ်ခဲ့တဲ့ KNU, KNPP, CNF, NUG တို့ရဲ့ လူတွေ့အစည်းအဝေးမှာလည်း Bottom-up Federalism နဲ့ချဉ်းကပ်ဖို့၊ NUG ဝန်ကြီးဌာနများနှင့် ပြည်နယ်/ဖက်ဒရယ် ယူနစ်အတွင်းမှာရှိတဲ့ အုပ်ချုပ်ရေး၊ တရားစီရင်ရေးတွေမှာ လုပ်ပိုင်ခွင့်အာဏာတွေ ခွဲဝေကျင့်သုံးဖို့ သဘောတူခဲ့ပြီးဖြစ်တယ်။ စက်တင်ဘာလ ၁၉ ရက်နေ့မှ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းတွေ၊ ပြည်နယ်/လူမျိုးကိုယ်စားပြု ကောင်စီတွေက အကြိမ်ကြိမ် တွေ့ဆုံပြီး Bottom-Up Federalism approach နဲ့တိုင်းပြည်တည်ဆောက်ဖို့အတွက် သဘောထားထုတ်ပြန်ချက်ကို ထုတ်ပြန်ခဲ့တယ်။

Bottom-Up Federalism ရဲ့ အခြေခံအယူအဆများမှာ (က) အချုပ်အခြာအာဏာရဲ့ မူလပိုင်ရှင်များဟာ ပြည်နယ်နှင့် ပြည်နယ်အတွင်းမှာ နေထိုင်တဲ့ ပြည်သူများဖြစ်တယ်။ (ခ) ပြည်နယ်/ဖက်ဒရယ်ယူနစ်တွေမှာ တရားမျှတရေး၊ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ရှိတယ်။ (ဂ) Sovereignty, Solidarity, Subsidiarity နှင့် Division of Competencies Principles ကိုအခြေခံပြီး ပြည်ထောင်စုနှင့် ပြည်နယ်/ဖက်ဒရယ် ယူနစ်ကြားမှာ လုပ်ပိုင်ခွင့်အာဏာခွဲဝေရေး လုပ်ဆောင်သွားမယ်။ Bottom-Up Federalism တွေက ပဋိညာဉ် (FDC) အစိတ်အပိုင်း(၁)၊ အခန်း (၄)၊ အပိုင်း (၂) ရဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာ လမ်းညွှန်အခြေခံမူများမှာ ပါရှိပြီးဖြစ်သလို၊ အပိုင်း (၃) ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာ အခြေခံမူဝါဒများမှာလည်း ပြည်ထောင်စု၏အသွင်သဏ္ဍာန်မှာလည်းအချက် ၃ ချက်နဲ့ ဖော်ပြထားပြီးဖြစ်တယ်။

‍KNU - Bottom-Up Federalism - ဒေသတွင်း ကိုယ်ပိုင်အုပ်ချုပ်မှုများကို ထောက်ခံအားပေးပြီး၊ ပြည်ထောင်စုကို အောက်ခြေ အဆင့်ကနေ အခြေခံပြီး တည်ဆောက်တဲ့ ဖက်ဒရယ်စနစ်ချဉ်းကပ်မှု လမ်းကြောင်းအတိုင်း နိုင်ငံ ပြန်လည်တည်ဆောက်နေတာ ဖြစ်တယ်။

CNF - ချင်းက ၂၀၂၀ ရွေးကောက်ခံများအစုအဖွဲ့၊ ချင်းအမျိုးသားနှင့် ဒေသန္တရအစုအဖွဲ့က ကိုယ်စားလှယ်များနှင့် တော်လှန်ရေးကာလမှာ Chinland ဖွဲ့စည်းပုံအခြေခံဥပဒေကို ၂၀၂၃ မှာ ရေးဆွဲအတည်ပြုပြီး Chinland အစိုးရ၊ လွှတ်တော်ကို ဖွဲ့စည်းပြီး Chinland ကို တည်ဆောက်နိုင်တာ ဖြစ်တယ်။ ဒါက ဒီမိုကရေစီနှင့် အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် အခွင့်အရေး အပြည့်အဝ ရှိတဲ့ ပြည်နယ်များဖြင့် ဖွဲ့စည်းထားတဲ့ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးဖြစ်တဲ့ နိုင်ငံရေး အနှစ်သာရ ဖြစ်တယ်။ နိုင်ငံရေးပြဿနာဟာ စစ်အာဏာရှင်ရဲ့ အကျိုးစီးပွားကို ကာကွယ်တဲ့ ၂၀၀၈ ဖွဲ့စည်းပုံက အရင်းခံဖြစ်တယ်။

၃။ နိုင်ငံတကာ၊ ASEAN နှင့် ပတ်သက်၍ ဆောင်ရွက်ချက်နှင့် တိုက်တွန်းချက်များ

KNU - နိုင်ငံတကာက အာဆီယံ လုပ်ဆောင်ချက်ကိုသာ စောင့်ကြည့်နေကြတယ်။ အာဆီယံ အခြေခံမူ ၅ ချက်ကနေ အကောင်အထည်ဖော်လို့ မရကြောင်းကို နည်းလမ်းရှာဖွေအကြံပြုဖို့ တာဝန်ရှိပါတယ်။ ထုတ်ပြန်ခဲ့တဲ့ ဘုံနိုင်ငံရေး ဦးတည်ချက် (၆) ချက်ကို အနှစ်ချုပ်ရမယ်ဆိုရင် (၁) စစ်အာဏာသိမ်းထားမှုကို ဖယ်ရှားပြီး စစ်တပ်၏ နိုင်ငံရေး၌ ပါဝင်နေခြင်းအား အဆုံးသတ်ဖို့ (၂) ဖက်ဒရယ်ဒီမိုကရေစီ ဖွဲ့စည်းပုံအခြေခံဥပဒေအသစ်ကို ရေးဆွဲပြဌာန်းဖို့နဲ့ (၃) နောက်ဆုံးအချက်က ပဋိပက္ခအတွင်း မတရားကျူးလွန်မှုခံရသူများအတွက် တရားမျှတမှုရရှိဖို့နှင့် အသွင်ကူးပြောင်းရေး တရားမျှတမှုလုပ်ငန်းစဉ်ကို ဖော်ဆောင်ဖို့ ဖြစ်တယ်။ ASEAN ရဲ့ ဘုံသဘောတူညီချက် ၅ ချက်မှာ အဓိက (၃)ချက်ကို အကောင် အထည်ဖော်ဖို့ ခက်နေတာကို တွေ့ရတယ်။

(၁) De-escalation of violence(အကြမ်းဖက်မှုတွေလျှော့ချဖို့) - မြန်မာစစ်တပ်က လုံးဝဥဿုံစစ်ပွဲ (Total War) အသွင်နဲ့ အရှိန်မြှင့် လုပ်ဆောင်နေတယ်၊ တစ်နိုင်ငံလုံးရဲ့ ၇၁ ရာခိုင်နှုန်းက လက်နက်ကိုင်ပဋိပက္ခကို ခံစားနေရပြီး လေယာဉ်နှင့် ဗုံးကြဲတာကို တိုးမြှင့်လုပ်ဆောင်နေတယ်၊ ASEAN နှင့် UN ကို အကြံပြုလိုတာက စစ်ကောင်စီကို De-escalation လုပ်စေချင်ရင် စစ်ကောင်စီထံသို့ စစ်လက်နက်ပစ္စည်းများရောက်ရှိနိုင်မှု ရပ်တန့်ဖို့၊ သူတို့ကို သံတမန်ရေးရာအရ တရားဝင်မှု မပေးအပ်ဖို့၊ စစ်လက်နက်ပစ္စည်းတွေ ဝယ်ယူမှုကို ထိန်းချုပ်နိုင်ဖို့အတွက် သူတို့ရဲ့ ဝင်ငွေလမ်းကြောင်းတွေကို ဖြတ်တောက်ပိတ်ဆို့ဖို့ စတာတွေ လိုအပ်ကြောင်းကို ခိုင်မာစွာ ထောက်ပြဖို့ လိုပါတယ်။
(၂) Humanitarian Aid ပေးအပ်ခြင်း - မြန်မာနိုင်ငံမှာ Humanitarian Aid လိုအပ်နေတာက စစ်ကောင်စီလက်အောက်ကသူတင် မကပဲ၊ EROs, NUG ထိန်းချုပ်မှုအောက်က ပြည်သူတွေများစွာလည်း လိုအပ်နေတယ်။ ဒါကြောင့်မို့ အကူအညီလိုတဲ့သူတွေဆီကို ပေးပို့တဲ့အခါမှာ Humanitarian Principles နှင့် ကိုက်ညီတဲ့ပေးအပ်မှု ဖြစ်၊ မဖြစ်ဆိုတာကို စောင့်ကြည့်လေ့လာခြင်းနှင့်အတူ တာဝန်ယူ၊ တာဝန်ခံမှုရှိတဲ့ Mechanism တွေ လိုအပ်ပါတယ်။ မရှိရင် စကစ ကို နိုင်ငံရေးအရ အသုံးချဖို့ ဖန်တီးပေးနေသလို ဖြစ်နေမှာပါ။ နိုင်ငံတကာကို ပြောလိုတဲ့ တစ်ချက်က Humanitarian principles ကို မလိုက်နာတဲ့ နိုင်ငံတကာက ပို့ဆောင်တဲ့ အကူအညီတွေကတိုင်းရင်းသားနှင့် NUG ရဲ့ အုပ်ချုပ်ရေးအောက်မှာရှိတဲ့ ဒုက္ခသည်တွေကို အကြီးအကျယ် ဒုက္ခတွေ့စေတဲ့အတွက် Parallel Delivery System ကို အသုံးပြုဖို့ တောင်းဆိုချင်ပါတယ်။
(၃) Inclusive dialogue (အားလုံးပါဝင်သောဆွေးနွေးပွဲ) - Inclusive dialogue (အားလုံးပါဝင်သော ဆွေးနွေးပွဲ) နှင့်ပတ်သက်လို့ နိုင်ငံရေးအရ သဘောတူညီပြီး ပြေလည်မှုရှိဖို့ နည်းလမ်းရှာဖွေမှသာ Sustainable solution လို့ခေါ်တဲ့ ရေရှည်တည်တံ့ခိုင်မြဲတဲ့ အဖြေကို ရရှိဖို့ တွေ့ဆုံဆွေးနွေးပွဲတွေကတော့ လိုအပ်ပါတယ်။ ဒါကြောင့် Inclusive Dialogue ဟာ ရေရှည်တည်တံ့ခိုင်မြဲတဲ့အဖြေရဖို့အတွက် “ဘုံ” နိုင်ငံရေးရည်မှန်းချက်ကို ညှိနှိုင်းကြဖို့ ပထမဆုံး လိုအပ်နေတာ ဖြစ်ပါတယ်။ အဲဒီလိုဖြစ်ဖို့ဆိုရင် မြန်မာနိုင်ငံက stakeholders များကိုယ်တိုင် ပိုင်ဆိုင်ပြီး ဦးဆောင်တဲ့ လုပ်ငန်းစဉ် ဖြစ်ဖို့၊ စစ်အာဏာရှင်စနစ်နှင့် ဗဟိုဦးစီးချုပ်ကိုင်မှုစနစ်ကို နောက်ကြောင်းမပြန်စေမယ့်၊ ပြည်သူလူထုရဲ့ လိုလားမှုနဲ့လည်း ကိုက်ညီတဲ့၊ ဘုံနိုင်ငံရေးရည်မှန်းချက်ရရှိဖို့ တော်လှန်ရေးအဖွဲ့အစည်းများအကြား တွေ့ဆုံဆွေးနွေးမှုလုပ်ငန်းစဥ်ကို အာဆီယံ တစ်နိုင်ငံချင်းသော်လည်းကောင်း၊ စုပေါင်း၍သော်လည်းကောင်း ကူညီထောက်ခံ အကျိုးဆောင်ပံ့ပိုးမှုများ ပေးအပ်ဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ စကစက အဆိုပြုထားတဲ့ ရွေးကောက်ပွဲက ပဋိပက္ခတွေကို ပိုမို ပြင်းထန်စေမှာ ဖြစ်ပြီး တည်ငြိမ်မှုနှင့် ငြိမ်းချမ်းရေးကို ယူဆောင်ပေးမှာမဟုတ်ဘူး။

၄။ တရုတ်နှင့် မြန်မာစစ်အုပ်စုခေါင်းဆောင်၏တရုတ်ခရီးစဉ်အပေါ် သဘောထားများ

NUG - တရုတ်နိုင်ငံခြားရေးဆီကို လိပ်မူပြီး ဒီဖိတ်ကြားမှုနှင့် ဆက်သွယ်ဆောင်ရွက်မှုကို သုံးသပ်ဖို့ မေတ္တာရပ်ခံစာ ပို့ခဲ့တယ်။ စကစကို အသိအမှတ်ပြုတာမျိုး မဖြစ်ဖို့လိုတယ်လို့ ပြောလိုက်တယ်။ တရုတ်-မြန်မာဆက်ဆံရေးကို အထောက်အကူဖြစ်တာထက် အဖုအတစ်ဖြစ်ပြီး စကစကို မျက်နှာမူတဲ့ စစ်ဆင်ရေး ဖြစ်နေသွားမှာ။ ဒါသည် State visit မဟုတ်ဘဲ Regional forum ကို တက်ရောက်တာဖြစ်တယ်လို့ သဘောထား ပြန်ရတယ်။ ASEAN envoy တွေနဲ့တော့ NUG နဲ့ ပူးပေါင်းဆောင်ရွက်တာ ရှိတယ်။ မဟာမိတ်တွေနဲ့လည်း ပူးပေါင်းတွေတာ၊ သီးခြားတွေ့တာ ရှိတယ်။ ဖိအားနဲ့ ပတ်သက်လို့ကတော့ နယ်စပ်က ဘယ်လို handle လုပ်ရမလဲ သိတယ်။ NUG နဲ့ တရုတ် ဆက်ဆံရေး Channel ရှိပေမယ့် ဘေဂျင်းက ဘယ်လောက် နားထောင်လဲဆိုတာက စိန်ခေါ်ချက်ရှိတယ်။

တခြားသောနိုင်ငံရေးအဖွဲ့တုံ့ပြန်မှု- တရုတ်ရဲ့ ဖိအားပေးမှု မည်သို့ပင်ရှိစေကာမူ တိုင်းရင်းသားလူမျိုးစုတွေက ဖိအားမှုကို ကြံ့ကြံ့ခိုင်ပြီး သွားနေတာ ရှိတယ်။ ဆေးမြီးတိုနဲ့ကုလို့ ရတဲ့ဟာမျိုး မဟုတ်ဘူး၊Sustain ဖြစ်တဲ့အဖြေကို ရှာဖို့လိုတယ်။ အဖြေကို ရှာနိုင်ဖို့ လုပ်နေတာ ဖြစ်တယ်။

၅။ တိုက်တွန်းနှိုးဆော်ချက်များ

NUG - Opportunity windows ကို မယူနိုင်ဘူးဆိုရင် သမိုင်းမှာ ဒီအခွင့်အရေးကို မယူနိုင်တဲ့သူတွေအနေနဲ့ ကျန်ခဲ့မှာဖြစ်တယ်။ မတူညီမှု၊ သဘောထား ကွဲပြားတာ ရှိတယ်၊ ဒါပေမဲ့ မျှော်ရည်ချက်တွေ တူတယ်။ နိုင်ငံရေးယဉ်ကျေးမှုအသစ်ကို ဖော်ထုတ်ပြီး ညှိနှိုင်းသွားတဲ့ ပြည်ထောင်စုကို တည်ဆောက်သွားမယ်၊ အာဏာသိမ်းမှု အဆုံးသတ်ပြီး စနစ်ကိုပြောင်းလဲနိုင်မှသာလျှင် တိုင်းပြည်အလှည့်အပြောင်း၊ စနစ်ပြောင်းသွားမှာ ဖြစ်တယ်။ တစ်စုတစ်ဖွဲ့ချင်းရဲ့ commitment က အရေးကြီးသလို စုစည်းညီညွတ်မှုကလည်း အရေးကြီးတယ်။

KNU - နိုင်ငံတကာနဲ့ ပတ်သက်လို့ message ပေးချင်တာက corruptive environment ဖြစ်တဲ့ စစ်တပ်အုပ်စိုးနေသမျှ rule of law မရှိလို့၊ consequences က non-traditional security threat ကို ပေးနေတာ ဖြစ်တယ်။ နိုင်ငံတကာက ဒါကို သတိမထားရင် သတိထားမိတဲ့အချိန်ကျရင် နှောင်းသွားပါလိမ့်မယ်၊ အဲဒါကြောင့် UNSC 2669 ကို function ဖြစ်အောင် ကြိုးပမ်းရမယ်။

KNPP - ၂၀၂၁ ပေါ်လာတဲ့ လူထုတော်လှန်ရေးက တခြား တော်လှန်ရေးနဲ့ မတူဘူး၊ ဖိအားပေးနိုင်တာတွေ အများကြီးလုပ်နေပြီ၊ တက်ညီလက်ညီနဲ့ ညီညွတ်ရေးကို ထပ်တိုးလိုက်ရင် မင်းအောင်လှိုင်က နောက်နေ့မှာ ကျဆုံးနိုင်ပါတယ်။ နိုင်ငံရေးထွက်ပေါက်အနေနဲ့သူ ကြိုးစားနေတာ ရှိတယ်၊ ရွေးကောက်ပွဲ၊ စေ့စပ်ညှိနှိုင်းရေးနဲ့ ကြိုးစားနေတာ ရှိတယ်။ ဒါတွေအားလုံးက ကျွန်တော်တို့ရဲ့အားလုံး လက်ထဲမှာ ရှိတယ်။

CNF - Stakeholders တွေအနေနဲ့ မဟာဗျူဟာ၊ နည်းဗျူဟာ မှန်ကန်စွာချပြီး လုပ်ရမှာ ဖြစ်တယ်။ အမြဲသတိရဖို့က ၂၀၂၁ အာဏာသိမ်းစတုန်းက ပြည်သူလူထုရဲ့ အော်သံကို သတိရကြပါ၊ အဲဒီအော်သံကနေ ပေါက်ဖွားလာတာကနေ ဒီနေ့ လက်နက်ကိုင်တဲ့အဆင့်အထိ တိုးတက်လာတာ ဖြစ်တယ်။ ဘာမှ တွေဝေစရာ မရှိပါဘူး။

၆။ သတင်းမီဒီယာများ အဓိကထားမေးမြန်းသည့် အကြောင်းအရာ

စစ်ခေါင်းဆောင်၏တရုတ်ခရီးစဉ်နှင့် ပတ်သက်ပြီး NUG အပါအဝင် မဟာမိတ်အဖွဲ့များ၏ဆောင်ရွက်ချက်များ၊ NUG နှင့် K2C တို့၏ သဘောထား ရပ်တည်ချက် ထုတ်ပြန်ပြီးနောက်ပိုင်း အခြားသော တော်လှန်ရေးအင်အားစုများနှင့် ချိတ်ဆက်ဆောင်ရွက်မှုများ၊ တုံ့ပြန်ဆောင်ရွက်မှုများ၊ တရုတ်၏ ဖိအားပေးမှုအပေါ် တိုင်းရင်းသားတော်လှန်ရေးအင်အားစုများ၏ ပြန်လည်တုံပြန်ဆောင်ရွက်မှုများအပေါ် မှတ်ချက်ပေးရန်၊ EROs များ၏ နယ်မြေအတွင်း စစ်ရေးဖော်ဆောင်နေသည့် အင်အားစုများအကြား ချိတ်ဆက်ဆက်ဆံရေးများနှင့် အသစ်ပေါ်ပေါက်လာသော အင်အားစုများနှင့် ချိတ်ဆက်ဆက်ဆံရေးဆိုင်ရာ မေးခွန်းများကို မေးမြန်းခဲ့ပါသည်။