အကြမ်းဖက်စစ်အုပ်စု၏မိုးဗြဲမြို့အခြေစိုက် ခြေမြန်တပ်ရင်း (၄၂၂) တပ်က ဇူလိုင် ၂၅ ရက် နံနက်အစောပိုင်းတွင် မိုးဗြဲရေကာတာ ရေတံခါးအား အဆင်ခြင်မဲ့ ဖွင့်ချလိုက်ခြင်းသည် ဒေသခံတောင်သူများနှင့် ပြည်သူများ အတိဒုက္ခရောက်စေရန် လုပ်ဆောင်ခြင်း ဖြစ်ပြီး ရေကြီးမှုအန္တရာယ်အား သတိပြုကြရန် ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) က အရေးပေါ်ကြေညာချက် ၁/၂၀၂၄ ဖြင့် ထုတ်ပြန်လိုက်သည်။
ရေကာတာတံခါးဖွင့်မှုကြောင့် မိုးဗြဲအင်း၊ ဖာလိုင်အင်း၊ ဘုရားနီကျေးရွာ၊ ဖောင်းတောကျေးရွာနှင့် ဘုရားဖြူကျေးရွာတို့၌ လက်ရှိတွင် ရေကြီးမှုများ ဖြစ်ပေါ်နေကြောင်း၊ လွိုင်ကော်အနီးတဝိုက် လူနေရပ်ကွက်နှင့် ကျေးရွာများ၊ ဘီလူးချောင်း ဘေးဝဲယာတစ်လျှောက် အနိမ့်ပိုင်းများ၌ ရေကြီးမှုများကြုံနိုင်ကာ စပါးခင်းဧက ၁,၀၀၀ ခန့်လည်း ပျက်စီးဆုံးရှုံးနိုင်ကြောင်း ထုတ်ပြန်ချက်၌ ပါရှိသည်။
ယင်းဒေသများရှိ ဒေသခံများအနေဖြင့် လိုအပ်ပါက ဘေးလွတ်ရာ အမြန်ဆုံး ရွှေ့ပြောင်းနိုင်ရေး ကြိုတင်ပြင်ဆင်ကြရန်နှင့် အရေးပေါ် အကူအညီများအတွက် IEC ပြည်ထဲရေးဌာန (အရေးပေါ် ကူညီကယ်ဆယ်ရေးဌာနခွဲနှင့် လူသားချင်း စာနာထောက်ထားရေးနှင့် ပြန်လည်ထူထောင်ရေးဌာန) များသို့ ဆက်သွယ်နိုင်ကြောင်းလည်း အသိပေးထားသည်။
မိုးဗြဲရေကာတာသည် ကရင်နီပြည်အတွင်းရှိ ဘီလူးချောင်း ဓာတ်အားပေးစက်ရုံအတွက် အဓိကကျသည့် ရေလှောင်ကန်ဖြစ်ကာ ရှမ်းပြည်တောင်ပိုင်း၊ ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်နယ်စပ်အနီး မိုးဗြဲတွင်တည်ရှိသည်။