အမျိုးသားညီညွတ်ရေးအစိုးရ (NUG) စတင်ဖွဲ့စည်းခြင်း သုံးနှစ်ပြည့်အဖြစ် နိုင်ငံရေး၊ နိုင်ငံတကာ ဆက်ဆံရေး၊ စစ်ရေး၊ အုပ်ချုပ်ရေး၊ ဘဏ္ဍာရေးနှင့် လူထုဆက်ဆံရေးဆိုင်ရာ ကဏ္ဍခြောက်ရပ်နှင့် ပတ်သက်သည့်လုပ်ဆောင်နေမှု အခြေအနေများအား ဧပြီ ၃၀ ရက်တွင် ထုတ်ပြန်ကြေညာလိုက်သည်။
နိုင်ငံရေးကဏ္ဍ၌ K3C နှင့် ပူးတွဲ ထုတ်ပြန်ခဲ့နိုင်သည့် "စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးအတွက် အတူတကွ လက်တွဲတော်လှန် တိုက်ပွဲဝင်နေသော အဖွဲ့များ၏ ဘုံသဘောထားရပ်တည်ချက်" ကို ထုတ်ပြန်ခဲ့နိုင်ကြောင်း၊ စစ်ရေးကဏ္ဍ၌ နိုင်ငံ၏ ၆၀ရာခိုင်နှုန်းကျော်အား စိုးမိုးထိန်းချုပ်ထားနိုင်မှု၊ အုပ်ချုပ်ရေးကဏ္ဍ၌ ပြည်နယ်အဆင့် အုပ်ချုပ်ရေးလုပ်ငန်းစဉ်များနှင့် Federal and State CoordinationCommission (FSCC) ဖွဲ့စည်းထားမှုများအား အထူးပြု ဖော်ပြထားသည်။
သုံးနှစ်ပြည့် ကြေညာချက်၌ "ဆဌမအကြိမ်မြောက် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးသို့ NUG က တင်သွင်းသည့် အစီရင်ခံစာ"၊ "ကြားကာလ ဒေသန္တရအုပ်ချုပ်ရေးနှင့် ပြည်သူ့ဝန်ဆောင်မှုများ ဆောင်ရွက်မှုဆိုင်ရာ အစီရင်ခံစာ"၊ "အမျိုးသားညီညွတ်ရေးအစိုးရ ဖွဲ့စည်းခြင်း (၃) နှစ်ပြည့် ဝန်ကြီးဌာနများ၏ ပြည်သူသို့အစီရင်ခံချက်များ"ကိုလည်းပူးတွဲ ထုတ်ပြန်ထားသည်။