မြန်မာပြည်သူများ ဆန္ဒကို လေးစားသည့် အရပ်ဘက် အုပ်ချုပ်ရေးစနစ် အသွင်ကူးပြောင်းရေးကို အားပေးကာ ဒီမိုကရေစီလိုလားသူများအကြား စည်းလုံးညီညွတ်မှု တည်ဆောက်ရန် လိုလားကြောင်း မြန်မာ့နိုင်ငံရေး အင်အားစုနှင့် တိုင်းရင်းသားအင်အားစု ခေါင်းဆောင်များအား တွေ့ဆုံစဉ် အမေရိကန်အစိုးရဘက်က တိုက်တွန်းလိုက်သည်။
အမေရိကန် နိုင်ငံခြားရေး အတိုင်ပင်ခံ Tom Sullivan ၊ အမေရိကန် နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီ (USAID) လက်ထောက်အုပ်ချုပ်ရေးမှူး Michael Schiffef နှင့် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံ ကောင်စီ (NUCC) ၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ကရင်အမျိုးသားအစည်းအရုံး (KNU) ၊ ကရင်နီအမျိုးသားတိုးတက်ရေး ပါတီ (KNPP)၊ ချင်းအမျိုးသားတပ်ဦး (CNF) တို့ သြဂုတ် ၁၆ ရက်က အွန်လိုင်းအခြေပြု တွေ့ဆုံစဉ် ထိုသို့ တိုက်တွန်းခဲ့ခြင်းကြောင်း သြဂုတ် ၁၉ ရက်တွင် အမေရိကန်အစိုးရဘက်က ထုတ်ပြန်သည်။
ဆွေးနွေးမှုအတွင်း လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများအား ပေးအပ်ရန်နှင့် ဖွံဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များအတွက် အကူအညီများအား ဆက်လက်တိုးမြှင့်ပေးသွားမည် ဖြစ်ကြောင်း၊ မြန်မာပြည်တွင်း ဖြစ်ပွားနေသည့် ရက်စက်ကြမ်းကြုတ်သည့် အကြမ်းဖက်မှုနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများအတွက် ကျူးလွန်သူများအား တာဝန်ခံမှု ဆက်လက်မြှင့်တင်သွားစေမည် ဖြစ်ကြောင်းနှင့် မြန်မာ့အရေးအတွက် အာဆီယံ၊ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာ အသိုင်းအဝန်းများနှင့်အတူ ပူးပေါင်းဆောင်ရွက်မည် ဖြစ်ကြောင်းလည်း ကတိပြု ပြောကြားခဲ့ကြောင်း အမေရိကန်အစိုးရဘက်က ထုတ်ပြန်ထားသည်။