၂၀၂၄ လည်ပြန် - စစ်ရေးအောင်မြင်မှုများနောက် သတိပြုဆင်ခြင်စရာများ

စစ်ရေးအောင်မြင်မှုများ၏ နောက်ကွယ်တွင် အုပ်ချုပ်ရေးတည်ဆောက်မှုများလည်း ဆက်လက် မြင်တွေ့ခဲ့ရသော နှစ်တနှစ်ဖြစ်ခဲ့သည်။ အထူးသဖြင့်အလယ်ပိုင်းမဟုတ်သော ဒေသများတွင် အုပ်ချုပ်ရေးတည်ဆောက်မှုများပိုမိုခိုင်မာအားကောင်းလာခဲ့သည်။ ကရင်နီပြည်၏ ကြားကာလ အုပ်ချုပ်ရေးကောင်စီ သည်နမူနာပြစရာ တခုဖြစ်ခဲ့သလို၊ တအာင်းဒေသ၏ အုပ်ချုပ်ရေး တည်ဆောက်မှုများ လည်းစတင်မြင်တွေ့စပြုလာရသည်။ နဂိုရှိရင်းစွဲ အုပ်ချုပ်ရေးလည်ပတ်မှု များရှိနေသည့်ကချင်နှင့် ကော်သူးလေတွင်လည်း အပြောင်းအလဲ အချို့စတင်ရှိလာခဲ့သည်။ကော်သူးလေအုပ်ချုပ်ရေးကို ပြည်သူပါဝင်မှုဖြင့် ဖော်ဆောင်သည့်သာဓကများ၊ လူထုဆွေးနွေးမှုပုံစံများကို တွေ့မြင်ရသည်။[1]

လူနည်းစုများအကြားမှ လူနည်းစုများအရေး

ရခိုင်ပြည်၏ အောင်ပွဲများ နောက်ဆက်တွဲအဖြစ် AA အနေဖြင့် ရိုဟင်ဂျာလူမျိုးများအပေါ်ပစ်မှတ်ထား တိုက်ခိုက်မှုများရှိနေသည်ဟု စွပ်စွဲမှုများ ထွက်ပေါ်လာခဲ့သည်။ AA အနေဖြင့်လည်း၎င်း၏ သတင်းထုတ်ပြန်မှုများတွင် ရိုဟင်ဂျာ လူမျိုးများ လက်နက်ကိုင်အချို့စစ်အုပ်စုဘက်မှ ဝင်ရောက် တိုက်ခိုက်မှုရှိသည်ဟု အသားပေးဖော်ပြမှုများရှိခဲ့သည်။စစ်မှုထမ်းဥပဒေဖြင့် အင်အားသုံး ဖမ်းဆီးမှုများရှိနေချိန်တွင် ထိုသို့ထုတ်ပြန်ခြင်းဖြစ်သည်။

AA က ဘူးသီးတောင်မြို့နယ်အား သိမ်းပိုက်ထိန်းချုပ်ပြီးနောက် မေလ ၁၈ ရက်တွင်ဒေသခံ ရိုဟင်ဂျာများ၏ နေအိမ်များ မီးရှို့ဖျက်ဆီးခြင်းခံခဲ့ရပြီး ရိုဟင်ဂျာလူမျိုးအမြောက်အများ ရွှေ့ပြောင်းခဲ့ကြရသည်။ ၎င်းမတိုင်မီ ဒေသခံများ ရွှေ့ပြောင်းရန်အတွက်AA က ရပ်ရွာလူကြီးများမှတဆင့်ညွှန် ကြားခဲ့ကြောင်းပြောဆိုမှုများ ရှိခဲ့သည်။ အဆိုပါ မီးလောင်မှုနှင့် ပတ်သက်ပြီး AA က ဆောင်ရွက်သည်ဟု စွပ်စွဲမှုများရှိသော်လည်း၊ AA ဘက်ကမူအကြမ်းဖက်စစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ဖြစ်သည်ဟု ပြန်လည်တုံ့ပြန်ခဲ့သည်။

ဗြိတိန်အခြေစိုက် မြန်မာ-ရိုဟင်ဂျာအသင်း (BROUK)အပါအဝင် နိုင်ငံတကာရှိ ရိုဟင်ဂျာအဖွဲ့အစည်း၂၈ ခုက ရခိုင်ပြည်နယ်ရှိရိုဟင်ဂျာများအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု၊ အဓမ္မနေရပ်စွန့်ခွာစေမှုများအဆုံးသတ်ရန်နှင့် နိုင်ငံတကာ လူသားချင်းစာနာမှုဆိုင်ရာဥပဒေအား လိုက်နာစေရေးအတွက် AA အား နိုင်ငံတကာက ဖိအားပေးရန်မေလ ၂၁ ရက်နေ့တွင် ထုတ်ပြန်သည်။[2]

မေ ၂၂ ရက်တွင် တော်လှန်ရေးအင်အားစုများနှင့်အရပ်ဘက်အဖွဲ့အစည်း စုစုပေါင်း (၁၉၅) ဖွဲ့ ပေါင်းကာ ပူးတွဲထုတ်ပြန်ချက် [3]ထုတ်ပြန်သည်။ ကြေညာချက်၌ AA အနေဖြင့်လွတ်လပ်သောစုံစမ်းစစ်ဆေးမှု ပြုလုပ်ပေးရန်၊ ကျူးလွန်မှုများ အမှန်တကယ် ရှိပါကကျူးလွန်သူများအား အပြစ်ပေး အရေးယူပေးရန် တောင်းဆိုကာရိုဟင်ဂျာခေါင်းဆောင်များနှင့် အမြန်ဆုံး တွေ့ဆုံဆွေးနွေး တိုင်ပင်မှုများပြုလုပ်ရန် တောင်းဆိုထားသည်။ 

ရခိုင်ပြည်မြောက်ပိုင်းရှိရိုဟင်ဂျာများ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုများ မဖြစ်စေရေးနိုင်ငံတကာအသိုင်းအဝိုင်းက ကာကွယ်ဆောင်ရွက်ပေးရန်၊ နိုင်ငံတကာဥပဒေများလိုက်နာကြရန် လူ့အခွင့်အရေးဆိုင်ရာ အရှေ့တောင် အာရှ ပါလီမန်အမတ်များအဖွဲ့ (ARHR)[4] ၊ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး[5]၊အစ္စလာမ္မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC)[6] ၊ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး[7] တို့ကတောင်းဆိုခဲ့သည့်အပြင် သြစတြေးလျ၊ ကနေဒါ၊ အီးယူ၊ ကိုရီးယား၊ မော်တာ၊ နယူးဇီလန်၊နော်ဝေ၊ ဆွစ်ဇာလန်၊ ဗြိတိန်၊ အမေရိကန်နိုင်ငံများ ပူးပေါင်း၍ အရပ်သားများအားကာကွယ်စောင့်ရှောက်ပေး ရန် တောင်းဆိုလာခဲ့ကြသည်။

နိုင်ငံတကာ တောင်းဆိုမှုများနှင့်ပတ်သက်၍ မေ ၂၀ ရက်တွင် AA က အရပ်သားသေဆုံး၊ ထိခိုက်၊ ဒဏ်ရာရမှုသတင်းများသည့် မိမိတို့နှင့် မသက်ဆိုင်ကြောင်းနှင့် တစ်ဖက်သပ်စွပ်စွဲချက်ဖြစ်ကြောင်း၊ ဘူးသီးတောင်-မောင်တောဒေသ လက်ရှိအရေးကိစ္စနှင့် ပတ်သက်၍ ဘက်မလိုက်သည့်မည်သည့်အဖွဲ့အစည်းနှင့်မဆို ပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိဟု ကမ်းလှမ်း[8]ခဲ့သည်။

တော်လှန်ရေး၏ စစ်ရေးအောင်ပွဲများနောက်တွင် အုပ်ချုပ်ရေးကို တည်ဆောက်ရန် ကြိုးစားကြ ရစမြဲဖြစ်သည်။ AA အနေဖြင့် ရခိုင်ပြည်ကို အသစ်တည်ဆောက်ရာတွင် လူနည်းစုများ အတွင်းမှလူနည်းစုဖြစ်သည့် ရိုဟင်ဂျာလူမျိုးများအရေးကို မည်သို့ ကိုင်တွယ်ဆောင်ရွက်မည်ကို နိုင်ငံတကာကစောင့်ကြည့်နေမည်ဖြစ်သည်။

တော်လှန်ရေးအင်အားစုများ၏လူ့အခွင့်အရေး ချိုးဖောက်မှုများ 

၂၀၂၄ ခုနှစ်၊တစ်နှစ်လုံးတွင် စစ်ကောင်စီ၏ ချိုးဖောက်မှုများကို သုံးသပ်ရလျှင် လူသတ်မှု၊မတရားဖမ်းဆီးမှု၊ မုဒိန်းကျင့်ခြင်း၊ ရွာမီးရှို့ခြင်း အပြင် လေကြောင်းဖြင့်ဗုံးကြဲခြင်း၊ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ ရက်ရက်စက်စက် သတ်ဖြတ်ခြင်း၊ နှင့်လူသားဒိုင်းပြုလုပ်ခြင်းများကို ပြောင်ပြောင်တင်းတင်း ကျူးလွန်နေဆဲဖြစ်သည်။တစ်ဖက်တွင်လည်း တော်လှန်ရေး တပ်ဖွဲ့များကလည်း လူသတ်မှု၊ မတရားဖမ်းဆီးမှု၊လက်နက်ဖြင့် ခြိမ်းခြောက်မှုများကိုလည်း ကျူးလွန်မှုများ ရှိခဲ့ကြောင်းတွေ့ရသည်။

အမှုဖြစ်စဉ်များတွင်လက်နက်ကိုင်တပ်ဖွဲ့ဝင်အချင်းချင်းကြား ဖြစ်ပွားသော လူသတ်မှုများ၊ အရပ်သားတက်ကြွလှုပ်ရှားသူအချို့ သတ်ဖြတ်ခံရမှုများ၊ စစ်သည်တော်ကျင့်ဝတ် ချိုးဖောက်ပြီးသုံ့ပန်းကို သတ်ဖြတ်မှုအချို့ ရှိခဲ့သည်။ အမျိုးသမီးများနှင့်လိင်စိတ်ခံယူမှုကွဲပြားသူများအပေါ် ကျူးလွန်မှု အကြမ်းဖက်မှုများလည်း ရှိခဲ့သည်။

အရေးယူမှုအချို့လည်း မြင်တွေ့ခဲ့ရသည်။ ဒီဇင်ဘာလ ၅ရက်နေ့ရက်စွဲဖြင့် NUG လက်အောက်ခံမဟုတ်သောဗိဿနိုးပြည်သူ့ကာကွယ်ရေး တပ်မတော်က မကွေးတိုင်းအတွင်း ပေါ်ပေါက်ခဲ့သော အမှုတခုအတွက် ကျူးလွန်သူ ၄ဦးကို တပ်တွင်း အရေးယူမှု ပြုလုပ်ပြီးဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။[9]မွန်ပြည်နယ်တွင် ပေါ်ပေါက်ခဲ့သော နောက်ထပ်အမှုမှာ NUGလက်အောက်ခံ တပ်ဖွဲ့က ကျူးလွန်ခြင်း ဖြစ်နေပြီး ရေးဘီလူးတပ်ဖွဲ့ဟုထင်ရှားသည့် တပ်ခွဲတစ်ခု၏ ခေါင်းဆောင်က အမျိုးသားတစ်ဦးကို သတ်ဖြတ်ခဲ့မှုနှင့် တ်သက်၍အရေးယူရန် စုံစမ်းစစ်ဆေးရေးခုံရုံး ဖွဲ့စည်းဆောင်ရွက်နေသည်ဖြစ်ကြောင်း NUG  ကာကွယ်ရေးဝန်ကြီးဌာန(MOD) ဒုအတွင်းဝန်က ဦးမောင်မောင်ဆွေက ပြောထားသည်။[10]ပြင်ဆင်မွမ်းမံထားသည့်စစ်သည်တော်ကျင့်ဝတ်ကို NUG ဒုတိယ သမ္မတက လက်မှတ်ရေးထိုး ထုတ်ပြန်ထားပြီး NUG အောက်မှလက်နက်ကိုင်အားလုံးနှင့် အခြားလက်နက်ကိုင်များအားလုံး လိုက်နာရန် တိုးချဲ့ခဲ့သည်။

၂၀၂၄ ခုနှစ်အတွင်းဖြစ်ပွားခဲ့သော ကိစ္စရပ်များကို သုံးသပ်လိုက်ပါက တော်လှန်ရေး အင်အားစုများအနက်မှ လက်နက်ကိုင်အချို့၏ ပြည်သူလူထုအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုများ ရှိခဲ့သည်ကိုလည်း အသိအမှတ်ပြုရမည်ဖြစ်သည်။လူသားလုံခြုံရေး၊ လူ့ဂုဏ်သိက္ခာ၊ လူ့အခွင့်အရေး စသည့် ကိစ္စရပ်များကိုလွှမ်းခြုံဆောင်ရွက်ပေးနိုင်မှုတွင် အားနည်းခဲ့သလို အမှုဖြစ်စဉ် အများစုတွင် ပွင့်လင်းမြင်သာပြီးတာဝန်ယူမှု၊ တာဝန်ခံမှုရှိသော တရားရေးဆောင်ရွက်မှုများလည်း မရှိသေးသည် ကိုလည်း ဝန်ခံပြုပြင်ရန် လိုအပ်သည်။

References:

[1]https://www.facebook.com/KNUHQKTL/posts/pfbid02kGFngDrvvTMbYzm5166Zwa3RMYBpgM2RzpBzqEDsbe5XLq1BVFk1cBLQcFNmacT2l?__cft__[0]=AZVP2eIgdXXyd1Z2ddS5vJeuwZfnf__y5jCPSDka7WF4lWR-aqWq72n-Qy7RNwqRAQJvMhJYVQiIg74Hwhx0EO386-yf5w2AS1dHRwHVNrRu7pJJ_vrNVaC4UJfQQxbVBrqaGxPls-wk8SyscAQ7BdhtTkpLhWjUPkJgLZERVg7VAc865-RQVNLpP9FOdggd3tA&__tn__=%2CO%2CP-R

[2]https://www.brouk.org.uk/rohingya-facing-existential-threat-in-arakan/

[3]https://progressivevoicemyanmar.org/2024/05/22/ရခိုင်ပြည်နယ်-မြောက်ပို/

[4]https://aseanmp.org/2024/05/18/southeast-asian-mps-calls-on-un-asean-to-act-to-save-rohingya-from-further-genocide/

[5]https://www.ohchr.org/en/statements-and-speeches/2024/05/comment-un-high-commissioner-human-rights-volker-turk-violence

[6]https://new.oic-oci.org/SitePages/NewsDetail.aspx?Item=4677

[7]https://www.state.gov/on-the-situation-in-burmas-rakhine-state/

[8]https://vk.com/arakanarmyinfodesk?z=photo-171407235_457242608%2Fwall-171407235_9368

[9] https://myanmar-now.org/mm/news/59629/

[10] https://myanmar-now.org/mm/news/59629/

Photo by Saw Wunna on Unsplash

No items found.

ဆက်စပ် ဖြစ်စဉ်များ

No items found.