ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ ဆက်ရိုးကျရပ်ကွက် (ဗျိုင်းဖြူရွာ) တွင် အကြမ်းဖက်စစ်အုပ်စု၏ စစ်တွေ ဒကစ လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့များက မေ ၂၉ ရက်တွင် အလုံးအရင်းဖြင့် ဝင်ရောက်စီးနင်းပြီးနောက်အမျိုးသား ၄၈ ဦး၊ အမျိုးသမီးငါးဦး၊ စုစုပေါင်း ၅၃ ဦးအားရက်စက်စွာ သတ်ဖြတ်ခဲ့မှုအပေါ် ပြင်းထန်စွာ ရှုံ့ချကြောင်းနှင့် ကျူးလွန်သူများအား အပြစ်ပေးအရေးယူနိုင်ရေးအတွက် ကုလသမဂ္ဂအပါအဝင် ပြည်တွင်း၊ ပြည်ပရှိ အင်အားစုအားလုံးနှင့် ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း ရခိုင်ပြည်လုံးဆိုင်ရာ ကျောင်းသားနှင့် လူငယ်များအစည်းအရုံး(AASYC) က ဇွန် ၄ ရက်တွင် ထုတ်ပြန်လိုက်သည်။
သေဆုံးသူများအနက် အမျိုးသမီးနှစ်ဦးမှာ အဓမ္မပြုကျင့်ခံရပြီးမှ သတ်ဖြတ်ခံရခြင်းဖြစ်ကာ အရွယ်မရောက်သေးသည့်လူငယ်များနှင့် ကျောင်းသားများ ပါဝင်ကြောင်း၊ အမျိုးသားအချို့မှာလည်း ထပ်မံဖမ်းဆီး စစ်ဆေးခံနေရခြင်းများရှိကာ ယခုကဲ့သို့ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်းသည် လူ့အခွင့်အရေး ချိုးဖောက်ရုံတင်မက စစ်ရာဇဝတ်မှုအား ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခြင်းဖြစ်ကြောင်း AASYC ထုတ်ပြန်ချက်၌ ပါရှိသည်။
ထို့ပြင် စောမြရာဇာလင်း ဦးဆောင်သည့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) သည် ရခိုင်ဒေသအနှံ့ စစ်ရာဇဝတ်မှုများ ကျူးလွန်နေသည့် အကြမ်းဖက်စစ်အုပ်စုနှင့် ပူးပေါင်းဆောင်ရွက်မှုများရှိကြောင်း ဝေဖန်သံများ ကြားသိရသည့်အတွက် အစဉ်အလာရှိသည့် ALPအမည်အား သုံး၍ လူထုဆန့်ကျင်ရေးလုပ်ငန်းများ၌ ပါဝင်နေမည်ဆိုပါက ရခိုင်အမျိုးသားလွတ်မြောက်ရေးလမ်းကြောင်းမှ သွေဖီမည်ကို အထူးသတိပြုရန်လိုကြောင်းလည်း သတိပေးထားသည်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကလည်း ဗျိုင်းဖြူရွာဖြစ်စဉ်နှင့် ပတ်သက်၍ ဇွန် ၃ ရက် ကြေညာချက်ထုတ်ပြန်ကာ အကြမ်းဖက်စစ်အုပ်စုကျူးလွန်ခဲ့သော ကျူးလွန်လျက်ရှိသော စစ်ရာဇဝတ်မှုများ၊ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုများ၊ လူသားမျိုးနွယ်စုအပေါ်ကျူးလွန်သည့် ရာဇဝတ်မှုများ အားလုံးတွင် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ တာဝန်ရှိသူများ၊ ပါဝင်ပတ်သက်သူများ အားလုံးအား တရားဥပဒေရှေ့မှောက်သို့ အမြန်ဆုံးပို့ဆောင်ပြီး ကျူးလွန်ခံရသူများအားလုံးအတွက် တရားမျှတမှုပြန်လည် ရရှိနိုင်ရေး ဒေသတွင်း တော်လှန်ရေးအဖွဲ့များအပါအဝင် တရားမျှတမှုကို လိုလားသော မည်သည့်အဖွဲ့အစည်းနှင့် မဆို ပူးပေါင်းကာ နည်းလမ်းပေါင်းစုံဖြင့် ကြိုးပမ်းဆောင်ရွက်သွားမည်ဟု ပါရှိသည်။ NUG ထုတ်ပြန်ချက်၌မူ အမျိုးသား ၄၈ ဦးနှင့် အမျိုးသမီး သုံးဦး၊ စုစုပေါင်း ၅၁ ဦး အစုလိုက် အပြုံလိုက် သတ်ဖြတ်ခံရသည်ဟု ပါရှိသည်။