အမျိုးသားညီညွတ်ရေးအစိုးရ– NUG လက်အောက်ရှိ ပြည်သူ့ကာကွယ်ရေးအဖွဲ့အစည်းများ အားလုံး လိုက်နာရမည် စစ်ဘက်ဆိုင်ရာကျင့်ဝတ်အား မတ် ၂၂ ရက်က ယာယီသမ္မတ ဒူဝါလရှီးလ လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်ကာ လိုက်နာမှုမရှိသူအား တည်ဆဲဥပဒေများအရ ထိရောက်စွာအရေးယူမည်ဟု ဖော်ပြထားသည်။
စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်များအဖြစ် စစ်သည်တော် ကျင့်ဝတ်စည်းကမ်း (၁၀) ချက်၊ ပစ်မှတ်သတ်မှတ်ခြင်း (၇) ချက်၊ ဖမ်းဆီးထိန်းသိမ်းထားသူများအပေါ် ပြုမူဆက်ဆံခြင်း (၈) ချက်၊ အရပ်သားပြည်သူများအပေါ် ပြုမူဆက်ဆံခြင်း (၁၁) ချက်၊ အမျိုးသမီး/လိင်စိတ်ခံယူမှုကွဲပြားသူ (LGBTIQ) နှင့် ကလေးများအပေါ် ပြုမူဆက်ဆံခြင်း(၆) ချက်တို့ ပါဝင်သည်။
"အရပ်သား" အား မိမိရန်သူ၏ စစ်သားမဟုတ်သည့်အပြင် တိုက်ပွဲတွင် တိုက်ရိုက်ပါဝင်ပတ်သက်မှုမရှိသူ ဖြစ်သည်ဟု အဓိပ္ပာယ်ဖွင့်ဆိုထားကာ အဖွဲ့အစည်းအားလုံးသည် အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာမှုဥပဒေနှင့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးဥပဒေများကို လေးစားလိုက်နာ ကျင့်သုံးရမည်ဟုလည်း စစ်ဘက်ဆိုင်ရာကျင့်ဝတ်၌ ဖော်ပြထားသည်။