ဝက်လက် ဗကသရဲဘော် သတ်ဖြတ်ခံရမှုအတွက် အိတ်ဖွင့်ပေးစာနှင့် သဘောထားများ ထုတ်ပြန်

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ စိုင်နိုင်ကြီးကျေးရွာတွင် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ) မှ အသက် ၁၆ နှစ်အရွယ် ရဲဘော်မြင့်မြတ်ဦး ဇူလိုင် ၈ ရက်က သတ်ဖြတ်ခံရမှုနှင့် ပတ်သက်၍ တရားမျှတမှု ပြန်လည်ရှာဖွေရန်နှင့် ပြစ်မှုကျူးလွန်သူများအား ထိုက်သင့်သည့် ပြစ်ဒဏ်များ ချမှတ် အရေးယူပေးရန် တော်လှန်ရေးအင်အားစုများက အိတ်ဖွင့်ပေးစာနှင့် သဘောထားကြေညာချက်များ ထုတ်ပြန်ထားသည်။

ရဲဘော်မြင့်မြတ်ဦးမှာ ရွာပြင်သုဿန်၌ အင်တာနက်သွားသုံးပြီး အပြန်လမ်းတွင် လည်ပင်းလှီး သတ်ဖြတ်ခံရခြင်းဖြစ်ကာ ကျေးရွာအတွင်း မည်သူနှင့်မျှရန်ငြိုးရန်စ ရှိသူ မဟုတ်ကြောင်း၊ ယင်းကိစ္စအား ဖြေရှင်းပေးရန် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာန အတွင်းဝန်များထံ ဆက်သွယ်ထားသော်လည်း တုံ့ပြန်မှု မရှိကြောင်း၊ တာဝန်ရှိသူများအနေဖြင့် အဖွဲ့အစည်းနှင့် အမြန်ဆုံး တွေ့ဆုံစကားပြော ဖြေရှင်းရန် နောက်ဆုံးအကြိမ် တောင်းဆိုကြောင်း ဗကသများအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ဇူလိုင် ၁၀ ရက်တွင် ထုတ်ပြန်ထားသည်။

အာဏာရှင်စနစ် ဆန့်ကျင်ရေး ပြည်သူ့အင်အားများ ချိတ်ဆက်ညှိနှိုင်းရေး ကော်မတီ (မန္တလေး) (AFCC-Mandalay) ကလည်း ဇူလိုင် ၁၁ ရက်တွင် ကြေညာချက်အမှတ် (၄/၂၀၂၄) ဖြင့် ယင်းလုပ်ရပ်အတွက် ကျူးလွန်သည့်သူတစ်ဦးချင်းစီကို ပြင်းထန်စွာ ရှုံ့ချကြောင်း၊ ဝက်လက်ဒေသအတွင်းရှိ တာဝန်ရှိသူများ အပါအဝင် NUG အနေဖြင့် တရားမျှတမှု ရှာဖွေပေးရေးနှင့် ပြစ်မှုကျူးလွန်သူအား ပြစ်ဒဏ်များ ချမှတ်အရေးယူပေးရေး တောင်းဆိုထားသည်။ အရပ်သားပြည်သူတစ်ဦးချင်းစီ၏ လူမှုဘဝလုံခြုံရေးအတွက် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများအား ကောင်းလာစေရန် အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC)၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) အပါအဝင် တော်လှန်ရေးအင်အားစုအသီးသီးက ထိရောက်စွာ ဝိုင်းဝန်းအဖြေရှာဆောင်ရွက်ရန် လိုအပ်ကြောင်းလည်းတိုက်တွန်းထားသည်။

No items found.

ဆက်စပ် ဖြစ်စဉ်များ

No items found.