ဘူးသီးတောင်မှာ ဘာတွေဖြစ်ခဲ့လဲ

ပိုမိုကျယ်ပြန့်လာသောAA ၏ နယ်မြေစိုးမိုးမှု

၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၃ ရက်မှစ၍ ရခိုင်ပြည်နယ်အတွင်း အာရက္ခတပ်တော် (AA) နှင့် အကြမ်းဖက်စစ်အုပ်စုအကြား တကျော့ပြန်တိုက်ပွဲများ ပြန်လည် ဖြစ်ပွားလာသည်။ တိုက်ပွဲများအတွင်း ဘူးသီးတောင်၊ ပေါက်တော၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ မြေပုံ၊ ရမ်းဗြဲ အပါအဝင် ချင်းပြည်နယ်၊ ပလက်ဝအထိ မြို့နယ် ဆယ်ခု အထိ AA က သိမ်းပိုက်ထားနိုင်ကာ ကျန်ပြည်နယ်တွင်း မြို့နယ်များ၌လည်း တိုက်ပွဲများ ဆက်လက် ပြင်းထန်လျက် ရှိသည်။

ဘူးသီးတောင်မြို့နယ်ကို သိမ်းပိုက်ခြင်း

ဖေဖော်ဝါရီ ၂၄ ရက်တွင် စတင်ပြီး ဘူးသီးတောင်မြို့နယ်ရှိ အကြမ်းဖက်စစ်အုပ်စု စခန်းများအားAA စတင် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ မေ ၁၈ ရက်နေ့လယ်တွင် မြို့နယ်တစ်ခုလုံးအား အပြီးတိုင် သိမ်းပိုက်နိုင်ခဲ့သည်။

ဘူးသီးတောင်မြို့နယ်တွင် အကြမ်းဖက်စစ်အုပ်စု၏ အမှတ် (၁၅) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ) လက်အောက်ခံ ခြေလျင်နှင့် ခြေမြန်တပ်ရင်း (၁၁) ခု အထိ အခြေစိုက်ထားကာ အမှတ် ၃၇၈ (အမြောက်) တပ်ရင်းနှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ အမှတ် (၃) နှင့်(၈) တို့ရှိခဲ့ပြီး ၎င်းစခန်းများအားလုံးကို AA က သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်သည်။

အကြမ်းဖက်စစ်အုပ်စု ဖန်တီးသည့် လူမျိုးရေးပဋိပက္ခ ထောင်ချောက်

၂၀၂၄ ခုနှစ် နှစ်ဆန်းပိုင်းတွင် ရခိုင်စစ်မျက်နှာပြင်၌ အကြမ်းဖက်စစ်အုပ်စုက စစ်ရှုံးလာနေသည့် အချိန်၌ လူမျိုးရေးပဋိပက္ခများ ဖန်တီးရန် ဒုက္ခသည်စခန်းများရှိ ရိုဟင်ဂျာများအား အတင်းအကြပ် တပ်သားသစ် စုဆောင်းခြင်း၊ ၎င်းတို့ ထိန်းချုပ်မှုအောက် ရောက်ရှိနေဆဲ ဖြစ်သည့် စစ်တွေနှင့် ဘူးသီတောင်မြို့များတွင် ရိုဟင်ဂျာလူမျိုးအချို့အား အသုံးပြု၍ AA ဆန့်ကျင်ရေး ဆန္ဒပြပွဲများ ပြုလုပ်စေခဲ့သည်။ အဆိုပါ ဆန္ဒပြပွဲတစ်ရပ်ကို ဘူးသီးတောင်မြို့တွင် မတ်လ ၁၉ ရက်နေ့တွင် ပြုလုပ်ခဲ့သည်။

ဘူးသီးတောင်မြို့နယ်အား AA က တိုက်ခိုက်နေစဉ်အတွင်း အကြမ်းဖက်စစ်အုပ်စုသည် ရိုဟင်ဂျာလူမျိုး အချို့အား အတင်းအကြပ် စစ်သားစုဆောင်းခြင်း၊ စစ်သင်တန်းပေးခြင်း၊ လက်နက်တပ်ဆင်ပေးကာ တိုက်ပွဲများတွင် ပါဝင်စေခဲ့ခြင်းတို့ ပြုလုပ်ခဲ့သည်။ ထို့ပြင် အကြမ်းဖက်စစ်အုပ်စုသည် ARSA၊ RSO၊ ARA အစရှိသည့် ရိုဟင်ဂျာ အဖွဲ့များကိုလည်း AA အား တိုက်ခိုက်သည့် စစ်ဆင်ရေးများ၌ အသုံးပြုခဲ့သည်။ အဆိုပါအဖွဲ့များသည် ရိုဟင်ဂျာ ပြည်သူများကို ကိုယ်စားမပြုကြောင်း ရိုဟင်ဂျာအဖွဲ့အစည်းများက ထုတ်ပြန်ထားသည်။

AA က ရသေ့တောင်မြို့နယ် အခြေစိုက် အကြမ်းဖက်စစ်အုပ်စု လက်အောက်ခံ ခမရ ၅၃၆၊ ၅၃၇  နှင့် ၅၃၈ တပ်ရင်းများအား မတ် ၂၀ ရက်နေ့တွင် တိုက်ခိုက်သိမ်းပိုက်ပြီးနောက်တွင် ရိုဟင်ဂျာ လူမျိုးများအနေဖြင့် အကြမ်းဖက်စစ်အုပ်စုဘက်မှ ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း AA က ထုတ်ပြန်ခဲ့သည်။ ဘူးသီးတောင် အခြေစိုက် စကခ (၁၅) တပ်မဌာနချုပ်အားAA က မေ ၆ ရက်တွင် သိမ်းပိုက်ပြီးနောက် စစ်သုံ့ပန်းများအတွင်း ရိုဟင်ဂျာများ ပါဝင်နေသည်ဟု AA က ဆိုသည်။

ဧပြီ ၁၂ ရက် ဘူးသီးတောင်မြို့နယ်အား အကြမ်းဖက်စစ်အုပ်စု ထိန်းချုပ်ထားစဉ် ကာလအတွင်း နယ်စည်းမခြား ဆရာဝန်များအဖွဲ့ (MSF) ရုံးခန်း အပါအဝင် ရခိုင်၊ ဟိန္ဒူနှင့် အခြားလူမျိုးများ ပိုင်ဆိုင်သည့် နေအိမ်၊ အဆောက်အအုံ အများအပြား မီးရှို့ဖျက်ဆီးခံရမှု ဖြစ်ပွားသည်။ ယင်းမီးရှို့ဖျက်ဆီးမှုအား အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်းတို့ ကျောထောက်နောက်ခံပေးထားသည့်  ARSA၊ RSO၊ ARA နှင့် အတင်းအကြပ် စစ်သားစုဆောင်းခြင်းခံထားရသည့် ရိုဟင်ဂျာများက ကျူးလွန်ခြင်းဖြစ်ကြောင်း ဒေသခံများနှင့် AA ဘက်က ထုတ်ဖော်ပြောဆိုသည်။ မီးရှို့ဖျက်ဆီးခံရသည့်ဖြစ်စဉ်နှင့် ပတ်သက်သည့်ရုပ်သံမှတ်တမ်းတစ်ခုကိုလည်းAA ဘက်က ဧပြီ ၂၅ ရက်တွင် ထုတ်ပြန်သည်။

မေ ၉ ရက်တွင် မောင်တောမြို့နယ်၊ ရွှေရင်အေး ရခိုင်ရွာနှင့် ဝေသာလီရွာရှိ အိမ်များအား ရိုဟင်ဂျာတချို့က မီးရှို့နေသည့် ရုပ်သံမှတ်တမ်းတစ်ခု မေ ၁၄ ရက်တွင် ထွက်ပေါ်လာခဲ့သည်။

AA က ဘူးသီးတောင်မြို့နယ်အား သိမ်းပိုက်ထိန်းချုပ်ပြီးနောက် မေလ ၁၈ ရက်တွင် ဒေသခံ ရိုဟင်ဂျာများ၏ နေအိမ်များ မီးရှို့ဖျက်ဆီးခြင်းခံခဲ့ရပြီး ရိုဟင်ဂျာလူမျိုး အမြောက်အများ ရွှေ့ပြောင်းခဲ့ကြရသည်။ ၎င်းမတိုင်မီ ဒေသခံများ ရွှေ့ပြောင်းရန်အတွက် AA က ရပ်ရွာလူကြီးများမှတဆင့်ညွှန် ကြားခဲ့ကြောင်း ပြောဆိုမှုများ ရှိခဲ့သည်။ အဆိုပါ မီးလောင်မှုနှင့် ပတ်သက်ပြီး AA က ဆောင်ရွက်သည်ဟု စွပ်စွဲမှုများရှိသော်လည်း၊AA ဘက်ကမူ အကြမ်းဖက်စစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ဖြစ်သည်ဟု ပြန်လည်တုံ့ပြန်ထားသည်။

အရပ်ဘက်အဖွဲ့အစည်းများ၏ တုံ့ပြန်မှု

ဗြိတိန်အခြေစိုက် မြန်မာ-ရိုဟင်ဂျာအသင်း (BROUK) အပါအဝင် နိုင်ငံတကာရှိ ရိုဟင်ဂျာအဖွဲ့အစည်း၂၈ ခုက ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာများအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု၊ အဓမ္မ နေရပ်စွန့်ခွာစေမှုများအဆုံးသတ်ရန်နှင့် နိုင်ငံတကာ လူသားချင်းစာနာမှုဆိုင်ရာ ဥပဒေအား လိုက်နာစေရေးအတွက် AA အား နိုင်ငံတကာက ဖိအားပေးရန် မေလ ၂၁ ရက်နေ့တွင် ထုတ်ပြန်သည်။

မေ ၂၂ ရက်တွင် တော်လှန်ရေးအင်အားစုများနှင့် အရပ်ဘက်အဖွဲ့အစည်း စုစုပေါင်း (၁၉၅) ဖွဲ့ ပေါင်းကာ ပူးတွဲထုတ်ပြန်ချက် ထုတ်ပြန်သည်။ ကြေညာချက်၌AA အနေဖြင့်လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ပြုလုပ်ပေးရန်၊ ကျူးလွန်မှုများ အမှန်တကယ် ရှိပါက ကျူးလွန်သူများအား အပြစ်ပေး အရေးယူပေးရန် တောင်းဆိုကာ ရိုဟင်ဂျာခေါင်းဆောင်များနှင့် အမြန်ဆုံး တွေ့ဆုံဆွေးနွေး တိုင်ပင်မှုများ ပြုလုပ်ရန် တောင်းဆိုထားသည်။

အမျိုးသားညီညွတ်ရေးအစိုးရ၏ တုံ့ပြန်မှု

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က မေ ၂၁ ရက်နေ့တွင် ဘူးသီးတောင် အခြေအနေနှင့် စပ်လျဉ်း၍ ရခိုင်ပြည်နယ်မြောက်ပိုင်း၌ ဆိုးရွားနေသော အခြေအနေများ ဆက်လက်ဖြစ်ပွားနေမည်ကို အထူးစိုးရိမ်ကြောင်းနှင့် အရပ်သားပြည်သူများနှင့် ပြည်သူပိုင်ပစ္စည်းများအား တိုက်ခိုက်ဖျက်ဆီးနေခြင်းအား ရပ်တန့်ရန် တောင်းဆိုနေကြသော အခြားအဖွဲ့အစည်းများနှင့်အတူ ရပ်တည်ကြောင်း ထုတ်ပြန်ကြေညာသည်။

နိုင်ငံတကာ၏ တုံ့ပြန်မှု

ရခိုင်ပြည်မြောက်ပိုင်း ရိုဟင်ဂျာများ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုများ မဖြစ်စေရန်အတွက် နိုင်ငံတကာ အသိုင်းအဝိုင်းက ကာကွယ်ဆောင်ရွက်ပေးရန် လူ့အခွင့်အရေးဆိုင်ရာ အရှေ့တောင်အာရှ ပါလီမန်အမတ်များအဖွဲ့ (APHR) က မေ ၁၈ ရက်တွင် တောင်းဆိုသည်။ နိုင်ငံတကာ သတ်မှတ်ချက်များနှင့်အညီ လူသားချင်းစာနာမှုနှင့် လူ့အခွင့်အရေးဆိုင်ရာ လိုက်နာစောင့်ထိန်းရမည့် စည်းမျဥ်းဥပဒေများနှင့် စစ်ဘက်ဆိုင်ရာ စစ်သည်တော်တို့ လိုက်နာရမည့် ကျင့်ဝတ်ဥပဒေများကိုပါအပြည့်အဝ လေးစား လိုက်နာကြရန်လည်း တိုက်တွန်းခဲ့သည်။

ဘူးသီးတောင် အကြမ်းဖက်မှုများနှင့် ပတ်သက်၍ အထူးစိုးရိမ်ထိပ်လန့်မိကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးက မေ ၁၉ ရက်တွင် ပြောကြားခဲ့ကာ နိုင်ငံတကာဥပဒေများအား လိုက်နာရန်အကြမ်းဖက်စစ်အုပ်စုနှင့် AA တို့အား တောင်းဆိုခဲ့သည်။

မေ ၂၀ ရက်တွင် အစ္စလာမ္မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) က ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာများ အကြမ်းဖက်ခံရမှုအား နက်နက်ရှိုင်းရှိုင်း စိုးရိမ်ပူပန်ကြောင်းနှင့် မေ ၂၁ ရက်တွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း ရခိုင်ဒေသတွင်း အခြေအနေကို လွန်စွာ စိုးရိမ်ကြောင်း သတင်းထုတ်ပြန်သည်။

သြစတေးလျ၊ ကနေဒါ၊ ဥရောပသမဂ္ဂ၊ ကိုရီးယား၊ မော်တာ၊ နယူးဇီလန်၊ နော်ဝေ၊ ဆွစ်ဇာလန်၊ ဗြိတိန်၊ အမေရိကန်နိုင်ငံများကလည်း မေလ ၂၄ ရက်နေ့တွင် ပူးတွဲထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ခဲ့ပြီး၊ အတင်းအကြပ် စစ်သားစုဆောင်းမှု၊ စစ်မှုထမ်းဥပဒေ အသက်သွင်းမှုများကြောင့် လူထုများအကြား ကွဲပြားမှု ပိုမိုဖြစ်ပွားစေခြင်းကို ထောက်ပြလျက် အရပ်သားများကို ကာကွယ်စောင့်ရှောက်ရန် တိုက်တွန်းခဲ့သည်။

AA ၏ ပြန်လည်တုံ့ပြန်မှု

ရခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) က ၎င်း၏ မေလ ၂၀​ ရက်နေ့ ထုတ်ပြန်ချက်၌ AA ကြောင့် ဘူးသီးတောင်မြို့အတွင်းရှိ အရပ်သားပြည်သူအချို့ သေဆုံး၊ ထိခိုက်ဒဏ်ရာရမှု သတင်းမှာ မိမိတို့နှင့် မသက်ဆိုင်ကြောင်းနှင့် တစ်ဖက်သပ် စွပ်စွဲချက်ဖြစ်ကြောင်း၊ ဘူးသီးတောင်-မောင်တောဒေသ လက်ရှိ အရေးကိစ္စနှင့် ပတ်သက်၍ ဘက်မလိုက်သည့် မည်သည့်အဖွဲ့အစည်းများနှင့်မဆို ပူးပေါင်း ဆောင်ရွက်ရန် အသင့်ရှိကြောင်း ကမ်းလှမ်းသည်။

အဖွဲ့အစည်း(၁၉၅) ဖွဲ့ကြေညာချက်နှင့် ပတ်သက်၍ ရခိုင်အမျိုးသားအဖွဲ့ချုပ်(ULA) က မေ ၂၄ ရက်နေ့တွင် အဆိုပါ ပူးတွဲထုတ်ပြန်ချက်၌ ပါရှိသည့် အချက်အလက်အချို့မှာ မှားယွင်းကြောင်း ငြင်းဆိုခဲ့ပြီး “ပြင်းထန်စွာ ကန့်ကွက်ကြောင်း” ထုတ်ပြန်ခဲ့သည်။

ပိုမိုများပြားလာသည့် ဒုက္ခသည်များနှင့် အန္တရာယ်ကြားက အရပ်သားများ

OCHA ၏မေလတွင် ထုတ်ပြန်သော အချက်အလက်များအရ ဧပြီလကတည်းကပင် ဘူးသီးတောင်မြို့နယ်၏ ကျေးလက်နေ ရိုဟင်ဂျာထောင်ပေါင်းများစွာသည် မြို့ပေါ်သို့ ရွှေ့ပြောင်းခဲ့ကြရသလို၊ ဘူးသီးတောင်မြို့ပေါ်မှ ရခိုင်လူမျိုး ထောင်ပေါင်းများစွာသည်လည်း နေရပ်စွန့်ခွာ ရွှေ့ပြောင်းခဲ့ကြရပြီး ဘူးသီးတောင်မြို့နယ်တွင် ဧပြီလမှစပြီး စစ်ဘေးရှောင် တစ်သောင်း နီးပါး ရှိနေသည်။

No items found.

ဆက်စပ် ဖြစ်စဉ်များ

No items found.